နေပြည်တော် မေ ၁၉
ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၁) ကို ယနေ့နံနက် ၁၀ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ကျင်းပသည်။ ဆေးရုံလုပ်ငန်း ပုံမှန်လည်ပတ်နိုင်ရေး အစည်းအဝေးတွင် ဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများ တိုးတက်ဖြစ်ထွန်းစေရန်နှင့် အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု စနစ်တွင် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများက စနစ်တကျ ပါဝင်ဆောင်ရွက်နိုင်စေရန် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများအနေဖြင့်လည်း အရည်အသွေးပြည့် ဝန်ဆောင်မှုပေးရန်နှင့် တာဝန်ခံမှုရှိရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် အကန့်အသတ်ရှိသော မိမိတို့နိုင်ငံတွင် အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုသည် အထူးအရေးကြီး လျက်ရှိပါကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍတွင် တာဝန်ထမ်းဆောင် နေသူများမှာ နိုင်ငံ့ဝန်ထမ်း ကျန်းမာရေးဝန်ထမ်းများ အများစုပါဝင်နေပါကြောင်း၊ ယခုအခါ ပြည်သူ့ဆေးရုံများတွင် ဆေးရုံ လုပ်ငန်း ပုံမှန်လည်ပတ်နိုင်ရေး ကြိုးစားဆောင်ရွက် လျက်ရှိရာ ပုဂ္ဂလိကကဏ္ဍအနေဖြင့်လည်း လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင်လည်း နိုင်ငံ့ဝန်ထမ်း ကျန်းမာရေးဝန်ထမ်းများနည်းတူ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများတွင် တာဝန် ထမ်းဆောင်နေသူများကို ဦးစားပေးအုပ်စုအဖြစ် ထိုးနှံပေးရန် စီစဉ်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း အချို့သာ ထိုးနှံခဲ့ရပြီး အခြားပုဂ္ဂလိက ဝန်ထမ်းများဖြစ်သည့် ဟိုတယ်များ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ပုဂ္ဂလိက ဘဏ်များတွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ထိုးနှံပေးခဲ့ပါကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းများတွင် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများလာရောက် တာဝန်ထမ်းဆောင်ရာတွင် သတ်မှတ်ညွှန်ကြား ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်ရန်လိုပါကြောင်း၊ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီအဆင့်ဆင့် အနေဖြင့်လည်း အခါအားလျော်စွာ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းရှင်များ အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း မှာကြားသည်။
ဝိုင်းဝန်းဆွေးနွေး
ဆက်လက်၍ ဗဟိုအဖွဲ့အတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းလိုင်စင် လျှောက်ထားလာမှု၊ ကြီးကြပ်ရေး ကော်မတီအဆင့်ဆင့် ကွင်းဆင်း စစ်ဆေးမည့်ကိစ္စ၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း တိုးတက်ဖြစ်ထွန်းမှုနှင့် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းလိုင်စင်(ပိတ်သိမ်း)မှုများအား အတည်ပြု မှတ်တမ်းတင်ခြင်း ကိစ္စတို့ကို ရှင်းလင်းတင်ပြပြီး ဗဟိုအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
တက်ရောက်
အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယ ဝန်ကြီး ဒေါက်တာအေးထွန်း၊ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်