နေပြည်တော် မေ ၁၉
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ အခြေခံလေ့ကျင့်ရေး သင်တန်းအမှတ်စဉ် (၂/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၌ ကျင်းပသည်။
အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ခေတ္တညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူး နှင့် သင်တန်းသား၊ သင်တန်းသူ ၄၆ ဦး တက်ရောက်ခဲ့ကြသည်။
ကျေပွန်စွာ ထမ်းဆောင်
သင်တန်းဖွင့်ပွဲတွင် ကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင် မည့်ဝန်ထမ်းများသည် ကော်မရှင်အတွက် အင်သစ်အား သစ်များ ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကို အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ ပေးနိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိစွာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မရှင်ရုံး တွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို လိုက်နာရန် လိုအပ်ပြီး နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရန်လိုအပ်ကြောင်း၊ လုပ်ငန်းတာဝန်များအပေါ် ဂုဏ်ယူစွာဖြင့် တာဝန်ထမ်းဆောင်ရန် ဖြစ်ကြောင်း၊ တာဝန် ထမ်းဆောင်ရာတွင် ခံယူ ချက်မှန်ကန်ရန်လိုအပ်ကြောင်း၊ ဌာန၏ ရည်မှန်းချက်၊ တာဝန်နှင့် ကျင့်ဝတ်များကို သိရှိလိုက်နာ ဆောင်ရွက်ရန် လိုကြောင်း၊ ဝန်ထမ်းစွမ်းဆောင်ရည် မြင့်မား လာစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိအားပေးအပ်သည့် တာဝန်ကို ကြီးကြပ်မှု အနည်းဆုံးနှင့် ဆောင်ရွက်နိုင်ရန်လည်း လိုအပ်ကြောင်း၊ ကော်မရှင်ရုံးတွင် တာဝန် ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ကျင့်ဝတ်တွင် ဖော်ပြထားသည့် အခြေခံမူ(၆)ချက်ကို လိုက်နာကြရမည် ဖြစ်ကြောင်း၊ တက်ရောက် လာကြသည့် သင်တန်းသား၊ သင်တန်းသူများ သည် အတွေ့အကြုံရှိသည့် ဝန်ထမ်းများဖြစ်သဖြင့် မိမိကိုယ်ကို ကျန်းမာစွာနေထိုင်၍ စိတ်ရောကိုယ်ပါ ကြံ့ခိုင်၊ ကျန်းမာ ကျွမ်းကျင်စွာဖြင့် ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သည့် ဝန်ထမ်းကောင်းများအဖြစ်ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။
အခြေခံလေ့ကျင့်ရေးသင်တန်း ကို မေ ၁၉ ရက်မှ ၂၆ ရက်အထိ ငါးရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ပြီး သင်တန်းကာလအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ နည်းဥပဒေ၊ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်း၊ ကော်မရှင်ကျင့်ဝတ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ လုပ်ငန်းဆောင် ရွက်ချက်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်သက်ဆိုင်သည့် ဘာသာရပ်များကို ဆွေးနွေးပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်