Skip to main content

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌဆရာတော်ကြီး၊ အကျိုးတော်ဆောင် ဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ(ပထမအဖွဲ့ခွဲ)မှ ဆရာတော်ကြီးများက (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ)စာမေးပွဲ ဖြေဆိုလျက်ရှိကြသော စာဖြေသံဃာများအား လိုက်လံကြည့်ရှု အားပေးချီးမြှောက်

ရန်ကုန် မေ ၁၉

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ(ဗန်းမော်ဆရာတော်)၊ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ (သန်လျှင်မင်း ကျောင်းဆရာတော်)နှင့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၊ တာဝန်ကျ(ပထမအဖွဲ့ခွဲ)မှ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာရ(သံဖြူဇရပ်)၊ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသေဋ္ဌိလ (ပြည်)နှင့် တွဲဖက် အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇန ဟိတဓရ ဒေါက်တာဘဒ္ဒန္တတေဇောသာရာဘိဝံသ (မိုးကုတ်) ဆရာတော်ကြီး တို့သည် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ (၂)နာရီခွဲတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲ ဖြေဆိုလျက်ရှိကြသော စာဖြေသံဃာများအား လိုက်လံကြည့်ရှု အားပေးချီးမြှောက်သည်။

တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်ရွေးချယ်ပွဲကြီးကို ၁၃၁၀ ပြည့်နှစ်၊ ပထမ အကြိမ်မှစတင်၍ နှစ်စဉ်မပျက် ကျင်းပခဲ့သည်မှာ ယခု ၁၃၈၃ ခုနှစ်တွင် (၇၃)ကြိမ် မြောက်တိုင် ရောက်ရှိခဲ့သည်။ ကျင်းပပြီးစီးခဲ့သော (၇၂)ကြိမ်မြောက် စာမေးပွဲကြီးထိ ၇၂ နှစ်တာကာလ အတွင်း တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်ရ သာသနာ့ အာဇာနည် အရှင်မြတ်ကြီး ၁၅ ပါး၊ တိပိဋကဓရ ပိဋကတ်သုံးပုံ အာဂုံဆောင် သာသနာ့ အာဇာနည် အရှင်မြတ်ကြီး(၇)ပါးတို့ ပေါ်ထွန်းခဲ့ပြီဖြစ်သဖြင့် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးသည် သာသနာတော်ကြီး၏ ရေသောက်မြစ်ရှင်သန်အောင် ပြုစုရာ၌ အဓိကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

၇၂ ပါး ဝင်ရောက်ဖြေဆို

ယနေ့ကျင်းပသည့် (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး (သဘော ရေးဖြေ) စာမေးပွဲသို့ အဘိဓမ္မာ(ရှေ့ပိုင်း)စာဖြေသံဃာ ၆ ပါး၊ ဒီဃနိကာယ် စာဖြေသံဃာ ၂၄ ပါး၊ ဝိနည်း (နောက်ပိုင်း)စာဖြေသံဃာ ၄၂ ပါး၊ စုစုပေါင်းစာဖြေသံဃာ ၇၂ ပါး ဝင်ရောက်ဖြေဆို လျက်ရှိသည်။

၅ ရက်တိုင်တိုင် ကျင်းပသွားမည်

အဆိုပါ (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး(သဘောရေးဖြေ) စာမေးပွဲကြီးကို ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ မေ ၁၇ ရက်မှ ၂၁ ရက်ထိ ၅ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး စာဖြေ သံဃာ ၁၇၁ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

(သတင်းစဉ်)