Skip to main content

သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များ စိစစ်ရေးလုပ်ငန်း လမ်းညွှန်(မူကြမ်း)နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် မေ ၁၉

 

သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များ စိစစ်ရေးလုပ်ငန်း လမ်းညွှန်(မူကြမ်း)နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ Virtual ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းကျောင်းအသီးသီးက တာဝန်ခံများ၊ ကျောင်းအုပ်များ တက်ရောက်ခဲ့ ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ကလေးသူငယ် အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြိုတင်ကာကွယ်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ ပြန်လည်ထူထောင်ခြင်း နည်းလမ်းများနှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ “သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များစိစစ်ရေး ဗဟိုကော် မတီ”ကို ပြင်ဆင်ဖွဲ့စည်းပြီး သက်ဆိုင်ရာသင်တန်းကျောင်းများအလိုက် ပြစ်ဒဏ်ချမှတ် ခြင်းခံရသော ကလေးသူငယ်များစိစစ်ရေး ကော်မတီများကိုလည်း ဆက်လက်ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ဗဟိုကော်မတီအစည်းအဝေး ကျင်းပနိုင်ရေးအတွက် လုပ်ငန်းလမ်းညွှန်(မူကြမ်း)ကို ပြင်ဆင်ရေးသားခဲ့ပြီး သက်ဆိုင်ရာ သင်တန်းကျောင်း အသီးသီးက ကျောင်းအုပ်များနှင့် သုံးသပ်ညှိနှိုင်း အစည်းအဝေးဖြစ်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို ရှေးရှု၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေး စေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များ စိစစ်ရေးလုပ်ငန်း လမ်းညွှန်(မူကြမ်း)နှင့်စပ်လျဉ်း၍ ကလေးသူငယ်များ၏ အသက်အရွယ်၊ ပြစ်မှုကျူးလွန်ရခြင်း အကြောင်းအရင်း၊ ကလေးသူငယ် နေထိုင်သည့် ပတ်ဝန်းကျင် အခြေအနေ၊ သင်တန်းကျောင်းတွင် နေထိုင်စဉ်ကာလအတွင်း စည်းကမ်း လိုက်နာခြင်း ရှိ/မရှိ၊ သက်မွေးပညာသင်တန်းများတက်ရောက်မှု စသည့်အခြေအနေများကို စိစစ်အကဲဖြတ်ရမည် ဖြစ်ပါကြောင်း၊  သင်တန်းကျောင်း များတွင် စောင့်ရှောက်ထားရှိသော ကလေးသူငယ်ဦးရေ အပေါ်မူတည်၍ ဝန်ထမ်းအင်အား ဖြည့်တင်းရေးနှင့် အဆောက်အဦ ပိုင်းဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းဆောင် ရွက်ပေးရန်လိုပါကြောင်း၊ ဝန်ထမ်းများအတွက် ကျွမ်းကျင်မှုသင်တန်းများလည်း ဖွင့်လှစ်ပေးရမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေ၊ သက်ဆိုင်ရာ သင်တန်းကျောင်းအလိုက် စောင့်ရှောက်ထားရှိသော ကလေးသူငယ်များနှင့် ကော်မတီသို့ တင်ပြလာသည့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရသော ကလေးသူငယ်များအား စိစစ်ထားရှိမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး သင်တန်းကျောင်းများမှ တက်ရောက် လာသော တာဝန်ခံများ၊ ကျောင်းအုပ်များက အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေး သူငယ်များ စိစစ်ရေးလုပ်ငန်း လမ်းညွှန်(မူကြမ်း)အပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး သင်တန်းကျောင်းများ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)