နေပြည်တော်၊ မေ ၁၉
ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ ဝန်ထမ်းများ၏ သား/သမီး များအနက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် စာမေးပွဲတွင် ဂုဏ်ထူးရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ တွင် လေးဘာသာနှင့်အထက် ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ကြသော ဝန်ထမ်းများ၏ သား/သမီး များအား ပညာရည်ချွန်ဆုများနှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြား မည့် ဝန်ထမ်းများ၏ သား/သမီး၊ ကျောင်းသား/ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ ကြေးငွေများကို ပေးအပ်ချီးမြှင့်ကြသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ အရာထမ်း/အမှုထမ်းများ၏ သား/သမီးများ၊ ကျောင်းသား/ ကျောင်းသူများအနက်မှ ခြောက်ဘာသာဂုဏ်ထူးရှင်(၁၉)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၃၄)ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် (၅၆)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၇၅)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၃၃)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၃၃၂)ဦး၊ စုစုပေါင်း ဂုဏ်ထူးရှင်(၆၄၉)ဦးနှင့် ရိုးရိုး အောင်မြင်သူ (၁၄၅၀)တို့ဖြစ်ကြောင်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် ယခုစာသင်နှစ် အတွက် ကျပ်သိန်းပေါင်း နှစ်ထောင့်ခြောက်ရာ သုံးသိန်းငါးသောင်း ကျပ်တိတိအား ပညာသင် ထောက်ပံ့ကြေးအဖြစ် ပေးအပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)