နေပြည်တော် မေ ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် မေ (၁၅)ရက် မွန်းလွဲပိုင်းတွင် သထုံစိုက်ပျိုးရေးသိပ္ပံကျောင်းသို့ ရောက်ရှိပြီး မကြာမီ ပြန်လည်ဖွင့်လှစ်တော့မည့် စိုက်ပျိုးရေးသိပ္ပံကျောင်းများ၌ မွေးမြူရေး ဒီပလိုမာသင်တန်းများ အသစ်ထည့်သွင်း ဖွင့်လှစ်မည်ဖြစ်၍ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်နိုင်ရေး၊ သင်ကြားရေး၊ သင်ယူရေး အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကျိုက်ထိုမြို့နယ် အင်္ဂဘိုဥယျဉ်ခြံတွင် ဆောင်ရွက် လျက်ရှိသည့် ဥယျဉ်ခြံသီးနှံ စိုက်ပျိုးဆောင်ရွက်ထားရှိမှု၊ ဒေသနေတောင်သူများ၏ ဥယျဉ်ခြံသီးနှံ စိုက်ပျိုးထုတ်လုပ်မှု အတွက်နည်းပညာ အထောက်အပံ့ ဆောင်ရွက်ပေးနေမှုများ ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက နိုင်ငံတော်အနေဖြင့် ကျေးလက်နေ ပြည်သူများလူနေမှုဘဝ မြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသခံတောင်သူများအား အားပေးကူညီ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက် ပေးရန်လိုကြောင်း၊ တောင်သူများအပေါ် လယ်ယာ ကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၏ အားပေးကူညီမှုကို ပိုမိုအားစိုက် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အားပေးကူညီမှုများရှိမှသာ လုပ်ငန်းများအောင်မြင် ဖြစ်ထွန်းလာမည် ဖြစ်ကြောင်း၊ ကောင်းမွန်သော စိုက်ပျိုးထုတ်လုပ်မှုကျင့်စဉ် GAP ကျင့်စဉ်နှင့် ရိတ်သိမ်းချိန်လွန် နည်းပညာအပါအဝင် စားသုံးသူ ဘေးကင်းလုံခြုံရေး၊ အရည်အသွေးကောင်း သီးနှံမျိုးများ ပြောင်းလဲ စိုက်ပျိုးနိုင်ရေး၊ ပြည်ပပို့ကုန် စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်နိုင်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံပြောင်းလဲပေးခြင်း၊ သီးနှံဈေးကွက် သတင်းအချက်အလက် အသုံးပြုနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။
(သတင်းစဉ်)