နေပြည်တော် မေ ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် မေ ၁၇ ရက် နံနက်ပိုင်းတွင် မြို့ကြီးရေလွှဲဆည်၌ မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြေရေးအတွက် ဇော်ဂျီကင်းတား ဆည်ရေသောက် ရေပေးဝေမှုစနစ်အတွင်းရှိ ဆည်ရေအသုံးချသူများ အစုအဖွဲ့များအား တွေ့ဆုံ၍ ခေတ်မီနည်းပညာများ အသုံးပြု၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ရေအသုံးချသူများအဖွဲ့နှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြောင်းလဲသ က်ရောက်လာသည့် ရာသီဥတုကြောင့် လယ်ယာကဏ္ဍတွင် ကြုံတွေ့ရသည့် အခက်အခဲများတွင် ရေရှားပါးမှုပြဿနာသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ယခင်က ရေရှားပါးခြင်းကြောင့် အငြင်းပွားခြင်း၊ တောင်သူအချင်းချင်း ကျေးရွာများ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့သော်လည်း ယခုအခါ ရေအသုံးချသူများအဖွဲ့များ စနစ်တကျဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့သဖြင့် အဆိုပြဿနာများကို အကောင်းဆုံး ကျော်လွှား နိုင်ပြီဖြစ်ကြောင်း၊ ရေကိုအကျိုးရှိရှိ အသုံးချ နိုင်ရုံမျှမက အတူယှဉ်တွဲနေထိုင်နိုင်ခြင်းနှင့် အပြန်အလှန် နားလည်ကူညီခြင်း၏ အနှစ်သာရကို တွေ့မြင်မည်ဖြစ်ပါကြောင်း၊ ယင်းအတွေ့အကြုံ ကောင်းများကိုအခြေခံပြီး စိုက်ပျိုးမွေးမြူ ထုတ်လုပ်ရာတွင်လည်း စုပေါင်းမတည်ခြင်းကြောင့် ခိုင်မာတောင့်တင်းသော အရင်းအနှီးနှင့် စုပေါင်းရောင်းချခြင်းကြောင့် လက်ကားဈေးကွက်သို့ ဝင်ရောက်နိုင်သဖြင့် ဈေးကွက် အကျိုးအမြတ် ပိုမိုရရှိစေရန် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု သမဝါယမအသင်းများ ထူထောင်ဆောင်ရွက် ကြစေလိုကြောင်း၊ လိုအပ်သောအကူအညီများနှင့် အသင်းအဖွဲ့ဆိုင်ရာ ဥပဒေများနှင့်အညီ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးကို မိမိတို့ဝန်ကြီးဌာနက ကူညီပေးသွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ရေအသုံးချသူများအဖွဲ့ ခေါင်း ဆောင်များက ဆောင်ရွက်ဆဲ စိုက်ပျိုးရေးလုပ်ငန်း အခြေအနေများနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး၊ ကျေးရွာအလိုက် မျိုးစေ့ထုတ် တောင်သူ အစုများအဖွဲ့ များဖွဲ့စည်း၍ ဆန်စပါးထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် မိတ္ထီလာမြို့ရှိ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာ စက်ပြင်စက်မောင်း ကျွမ်းကျင်သင်တန်းသို့ ရောက်ရှိကြပြီး မြေပြင်လက်တွေ့သင်တန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ် ချောင်းမကြီး မျိုးသန့်ခြံ တွင် စပျစ်စိုက်တောင်သူများနှင့် တွေ့ဆုံ၍ စပျစ်စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက် အလားအလာများ၊ စပျစ်ခြောက် စပျစ်ဝိုင်စသည့် တန်ဖိုးမြှင့် ကုန်ချောထုတ်လုပ်ရေး၊ ပြည်ပ ဈေးကွက်သို့ တင်ပို့နိုင်ရေးနှင့် စပျစ်စိုက်ပျိုးသူများ သမဝါအသင်းများ ထူထောင် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)