နေပြည်တော် မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူး အား အကြမ်းဖက်သူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကို သွားရောက်စစ်ဆေးနေစဉ် ပေါက်ကွဲမှု ထပ်မံဖြစ်ပွား၍ လုံခြုံရေးတပ်ဖွဲ့ဝင် ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင်လမ်းမတော် မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ကိုင်းတန်းလမ်းရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးမှူးရုံး၌ ပေါက်ကွဲမှုဖြစ်ပွား ကြောင်း သိရှိရသဖြင့် ရပ်ကွက်စီမံအုပ်ချုပ်ရေးမှူး ဦးမျိုးလွင်(၄၅)နှစ် (ဘ) ဦးမောင်အေးသည် နေအိမ်မှ ရုံးသို့ သွားရောက်စဉ် (၈)လမ်း၊ တိုက်အမှတ်(၆၁)ရှေ့လမ်းပေါ် အရောက်၌ အကြမ်းဖက်သူအမျိုးသား တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဦးမျိုးလွင်တွင် နဖူးဖောက်ဝင် ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ က သွားရောက်စစ်ဆေးခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်အား ရောက်ရှိပြီး လိုအပ်သောစုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေစဉ် အနော်ရထာလမ်းနှင့် ကိုင်းတန်းလမ်းထောင့်ရှိ ဓာတ်တိုင်၏ အမြင့် ခုနစ် ပေခန့်တွင် တပ်ဆင်ထားသော Myanmar Net ကေဘယ်အထိုင်ပုံးအတွင်းမှ အကြမ်းဖက်သူများမှ ကြိုတင် ပြုလုပ်ထားသည့် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ခုနစ် ဦးတွင် ထိခိုက်ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား ဖော်ထုတ် ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်