Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရိကောလိပ်နှင့် ဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် မေ ၁၈

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် မေ ၁၇ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ ဗဟိုလေ့ကျင့်ရေး ကျောင်းသို့ ရောက်ရှိပြီး COMID-19 စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိသော ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ ခေါင်းဆောင် မှုသင်တန်း၊ အဆင့်မြင့် စက်ချုပ်နည်းပြ သင်တန်းနှင့် စာရေးဝန်ထမ်း သင်တန်းများ၏ သင်ကြားနေမှု၊ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့် တိုက်တို့ကို လှည့်လည်ကြည့်ရှုသည်။

လှည့်လည်စစ်ဆေး

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် သင်တန်းခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်း အုပ်ကြီး၊ သင်တန်းနည်းပြ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ နှင့်တွေ့ဆုံအမှာစကားပြောကြားပြီး ဝန်ထမ်းများအတွက် အခြေခံ စားသောက်ကုန်များနှင့် သင်တန်း သား၊ သင်တန်းသူများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းများကို လှည့်လည် စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး ဒဂုံ(ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်း သားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) သို့ ရောက်ရှိပြီး နောက်ဆုံးနှစ်ကျောင်းသား ကျောင်းသူများ စာသင်ခန်းအတွင်း COVID-19 စည်းကမ်းချက်များနှင့်အညီ သင်ကြားနေမှုအား လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ/ဌာနမှူးများနှင့်တွေ့ဆုံ ပြီး အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

အားကစားပစ္စည်းများ ထောက်ပံ့

ပြည်ထောင်စုဝန်ကြီးသည် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျောင်း အုပ်ကြီး ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ ၍ကျန်းမာရေးကိုထိခိုက်စေသည့် အရက်၊ ဆေးလိပ်၊ ကွမ်းယာတို့ကို ရှောင်ရှားရန်၊ နေ့စဉ်ကိုယ်လက် လှုပ်ရှားအားကစား ဆောင်ရွက်၍ မိမိကိုယ်ကိုယ် ကျန်းမာကြံ့ခိုင်အောင် တည်ဆောက်ရန် ကျောင်းအနေဖြင့် အားကစားပြိုင်ပွဲများ မပြတ်ကျင်းပပြုလုပ်ပြီး ထူးချွန်သည့် အားကစားသမားများ ပေါ်ထွက်လာအောင် လေ့ကျင့် ပျိုးထောင်ပေးရန် မှာကြားကာ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များနှင့် ကျောင်းသား ကျောင်းသူများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးသည်။

စတင်တာဝန်ပေး ခန့်အပ်

ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) နောက်ဆုံးနှစ်တွင် ကျောင်းသား ကျောင်းသူ ၂၁၀ တက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်း ဆင်းပြီးပါက သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့နှင့် A.G.T.I ဒီပလိုမာများပေးအပ်၍ ဝန်ကြီးဌာနအသီးသီးတွင် အကြီး တန်းစာရေးနှင့် အငယ်တန်း အင်ဂျင်နီယာ-၃ ရာထူးများဖြင့် စတင်တာဝန်ပေး ခန့်အပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်