Skip to main content

မန္တလေးတိုင်းဒေသကြီးတွင် ရေတင်စခန်း ၃၃ ခုမှ စိုက်ပျိုးရေဖြင့် နွေသီးနှံစိုက်ဧက ၁၄၀၀၀ ကျော် စိုက်ပျိုးနေ

မန္တလေး မေ ၁၈

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ၏ နွေသီးနှံစိုက်ဧက ၁၄၀၀၀ ကျော်ကို ရေတင်စခန်း ၃၃ ခုမှ စိုက်ပျိုးရေများ ပြည့်ဝစွာသုံးစွဲစိုက်ပျိုးနိုင်ရန် ဖြန့်ဝေပေးပြီး လျာထားဧက ပြည့်မီအောင် တောင်သူများအဆင်ပြေစွာ စိုက်ပျိုးနေကြကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ သိရသည်။

အဆိုပါနွေသီးနှံလျောထားဧကများတွင်တောင်သူ များစိုက်ပျိုးနိုင်ရန်အတွက် ခရိုင်၊ မြို့နယ် အလိုက် ရေတင်စခန်းများမှ ရေများပြည့်ဝစွာ သုံးစွဲနိုင်ရန် တစ်ပြေးညီစွာ မတ်လတတိယပတ်မှ စတင်ပြီး ပေးဝေစိုက်ပျိုးနေကြောင်း၊ ယခုအချိန်ထိ စိုက်ပျိုးပြီးစီးနေသည့် ဧကမှာ ၁၁၀၀၀ ကျော်ရှိနေကာယခုလကုန်အပြီး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ တောင်သူများအတွက် စိုက်ပျိုးရေများ ပြည့်ဝစွာသုံးစွဲနိုင်ရန်ရေတင်စခန်း ၃၃ ခုမှ ရေများဖြန့်ဝေပေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ဦးစီးအရာရှိ ဦးကျော်မြင့်က ပြောသည်။

“ကျွန်တော်တို့ရေတင်စခန်း ၃၃ ခုကနေပြီးတော့ တောင်သူတွေစိုက်ပျိုးမယ့် နွေသီးနှံ စိုက်ဧကတွေကို ရေပြည့်ဝစွာနဲ့ စိုက်ပျိုးနိုင်အောင် ပေးဝေနေတာပါ။ နွေစပါးစိုက်ဧကအပြင် အခြားသီးနှံတွေလည်း ပါပါတယ်။ လျာထားစိုက်ဧကကတော့ ၁၄၄၀၂ ဧကပါ။ နှစ်စဉ်လိုလို တောင်သူတွေစိုက်ပျိုးတဲ့ သီးနှံတွေအတွက် ရေအပြည့်အဝနဲ့ စိုက်ပျိုးနိုင်စေဖို့ လိုအပ်ချက် ပြည့်မီအောင် ပေးဆောင်ရွက်နေတာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ရေတင်စခန်းများမှ ၂၀၂၀-၂၀၂၁ ခုနှစ် နွေသီးနှံစိုက်ဧကများအတွက် နွေစပါးစိုက်ဧက ၃၅၁၈ ဧက၊ အခြားသီးနှံများစိုက်ဧက ၁၀၈၈၄ ဧက စုစုပေါင်း နွေသီးနှံစိုက်ဧက ၁၄၄၀၂ ဧကတို့ကို တောင်သူများ စိုက်ပျိုးနိုင်ရေးအတွက် ရေများပြည့်ဝစွာ ပေးဝေနေသည့် ရေတင် စခန်းများမှာ ပုသိမ်ကြီးမြို့နယ်တွင် ရေတစ်စခန်း လေးခု၊ အမရပူရမြို့နယ်တွင် ရေတင် စခန်း လေးခု၊ မတ္တရာမြို့နယ်တွင် ဆည်တော်ကြီး၊ စဉ့်ကိုင်မြို့နယ်တွင် ရေတင်စခန်း ကိုးခု၊ မြစ်သား မြို့နယ်တွင် ရေတင်စခန်းတစ်ခု၊ တံတားဦးမြို့နယ်တွင် ရေတင်စခန်း တစ်ခု၊ ငါန်းဇွန်မြို့နယ် တွင် ရေတင်စခန်း သုံးခု၊ မြင်းခြံမြို့နယ်တွင် ရေတင်စခန်း လေးခု၊ တောင်သာမြို့နယ်တွင် ရေတင်စခန်း တစ်ခု၊ ညောင်ဦး မြို့နယ်တွင် ရေတင်စခန်းငါးခု စုစုပေါင်းရေတင်စခန်း ၃၃ ခုတို့မှ ရေများဖြန့်ဝေပေးနေကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)