Skip to main content

အသိပညာဆင်ခြင်ဉာဏ်ဖြင့် အဖျက်လုပ်ရပ်ရှောင်ရှား

အသိပညာဗဟုသုတရှိ၏။ ဝေဖန်ပိုင်းခြား ဆင်ခြင်တုံတရားရှိ၏။ တွေးခေါ်မြော်မြင်မှုမြင့်မား၏။ ထိုလောက၊ ထိုပတ်ဝန်းကျင်သည် ဧကန်ကြီးပွားချမ်းသာမှုကို ဖြစ်စေ၏။ အသိပညာဗဟုသုတ နည်းပါး၏။ ဆင်ခြင်တုံတရား ပါးလျား၏။ တွေးခေါ် အမြင်မှုနိမ့်ပါး၏။ ရိုးသား ဖြောင့်မတ်ခြင်း မရှိ။ ထိုလောကသည် ကြီးပွားချမ်းသာ၊ ငြိမ်းအေးမှုတို့ဆိတ်သုဉ်းပြီး ကြီးပွားလျှင်လည်း မတည်တံ့၊ ဘေးအန္တရာယ်များ၊ အခက်အခဲများ အလွယ်တကူကျရောက် နိုင်၏။ အဓိကမှာ လူ့ဘောင်လောကတွင် တွေးခေါ်မြော်မြင်မှုနှင့်ဆင်ခြင်တုံတရား တိုးပွားအောင် ကြိုးပမ်းအားထုတ်သင့်၏။ မြတ်စွာဘုရားရှင်သည် ကာလာမ အမျိုးသားတို့အား လောကလူ့ဘောင် ငြိမ်းချမ်းသာယာတိုးတက်ချမ်းသာရေး ဆင်ခြင်ပွားများအပ်သည့် တရားများ ကို ဟောကြားခဲ့သည်။ လောကတွင် ဆင်ခြင်တုံတရားခေါင်းပါးပြီး အမှားအမှန် မခွဲခြားနိုင်သော မောဟအမှောင်တို့ အလွယ်တကူ ဖုံးလွှမ်းတတ်သည့်အပြင် ဆရာမှား၊ ဝါဒမှားသောကြောင့် အမှားသံသရာတွင် ကျင်လည်နေကြသည်ကို မြတ်စွာဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့သည်။ နိုင်ငံအတွင်း ပညာတတ်များ ပေါများလှပါသည်။ ပညာတတ်တိုင်းလည်း အသိ ဉာဏ်ပညာ ဆင်ခြင်တုံတရားနှင့်မသက်ဆိုင်ပေ။ ထိုအချက်ကို ယနေ့ကာလ ဒုက္ခအခက်အခဲ များက သက်သေပြလျက်ရှိသည်။ ပညာတတ်သော ဆရာကြီးများသည်ပင် “ပညာရှိ သတိဖြစ်ခဲ” ဆိုသကဲ့သို့ မောဟအမှောင်ဖုံးနေသောအခါ အမှား/ အမှန်ခွဲခြား မှန်မှန်ကန်ကန် စိစစ်နိုင်စွမ်းမရှိပေ။ မြန်မာတို့၏ ပင်ကိုစိတ်ရင်းမှာ အယုံလွယ်သည်ဟုဆိုလျှင် ငြင်းဆိုဖွယ် ရှိမည်မဟုတ်ပေ။ အယုံလွယ်သောကြောင့်လည်း ဒုက္ခအခက်အခဲများ ကြုံတွေ့ကြရသည် သာမကအဆိုးသံသရာလည်နေကြရသည်။ ယနေ့ကာလတွင် နိုင်ငံ၏အခြေအနေကို မှန်မှန်ကန်ကန် ရှုမြင်တတ်ဖို့ လိုအပ် ပေသည်။ သာမန်အားဖြင့် ယင်းအချက်ကို မရှုမြင်တတ်ပါလျှင် အဆိုးသံသရာတွင် လည်နေကြရမည်။ ယနေ့ကာလသည် နိုင်ငံရေးလှုပ်ရှားနေသည် မဟုတ်ပေ။ အကြမ်းဖက်အဖျက်လုပ်ရပ်များ ကြီးထွားနေသောကာလဖြစ်သည်။ အဖျက်လုပ်ရပ်သည် ပညာတတ်သူများ၊ အသိဉာဏ် ဆင်ခြင်တုံတရား မြင့်မားသူများ လုပ်ကိုင်သော အလုပ်မဟုတ်။ အဖျက်လုပ်ရပ်သည် အသိဉာဏ်ဆင်ခြင်တုံတရားမရှိသည့် ဒုစရိုက်သမားများ၊ အစွန်းရောက်သမားများ လုပ်ကိုင်ကြသောအလုပ် ဖြစ်သည်။ နိုင်ငံရေးသမားသည်ပင် မျှော်မှန်းသည့်အတိုင်း ဖြစ်မလာသောအခါ မောဟ အမှောင်ဖုံး၍ အစွန်းရောက်နိုင်ငံရေးသမားဘဝ ခံယူကြသည်ကို မြန်မာ့နိုင်ငံရေး သမိုင်းတွင်တွေ့ရပေမည်။ အစွန်းရောက်နိုင်ငံရေးသမားသည်အချိန်မိအမြင်မှန်ရပါမှ ဥပဒေဘောင်အတွင်း၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်မည်။ အမှားကို မမြင်ဘဲ အမှောင် ထဲတွင် ဆက်တိုးနေပါက အမှောင်ထဲတွင်ပင် ဘဝနိဂုံးအဆုံးသတ်ကြရမည်။ အစွန်းရောက်နိုင်ငံရေးသမားများ၊ မဟုတ်မမှန်လုပ်ကြံ ဖျက်ဆီးသူများ၏ သွေးထိုးလှုံ့ဆော် ပေးမှုများကြောင့် ပညာတတ်များသည်ပင် လမ်းမှားသို့ ရောက်ကြရသည်။ အချိန်မီ ဆင်ခြင်ဉာဏ်ဖြင့် လမ်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိသင့်ပါသည်။ အကြမ်းဖက်လုပ်ရပ်များမှာ အစွန်းရောက်သမားများ၊ လူဆိုးလူမိုက်များ လုပ်ဆောင်လေ့ ရှိသည့်အလုပ် ဖြစ်သည်။ မိမိတို့၏ စိတ်ခံစားချက် မည်သို့ရှိသည် ဖြစ်စေ လူဆိုးလူမိုက်များ၊ အကြမ်းဖက်သမားများ၏အလုပ်တွင် မပါဝင်မိဖို့၊ အားမ ပေးမိဖို့၊ မကူညီမံဖို့လိုအပ်ပေသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၃)အရ အများပြည်သူ အတွင်း ထိတ်လန့်ကြောက်ရွံ့မှုကို ဖြစ်စေခြင်း၊ အစိုးရ သို့မဟုတ် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတစ်ခုခု ဥပဒေနှင့်မညီသည့် လုပ်ရပ်တစ်ခုကို အတင်းအကျပ်ပြုလုပ်စေခြင်း သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ရမည်ကို မပြုလုပ်ဘဲ ရှောင်ရှားစေခြင်းတို့ကို ရည်ရွယ်၍ ပြုလုပ်မှုတို့သည် အကြမ်းဖက်မှုများတွင် အကျုံးဝင်လျက်ရှိသည်။ ထို့အပြင် အကြမ်းဖက်အုပ်စုတစ်ခုခု၏အဖွဲ့ဝင်အား ဖမ်းဆီး၍ အရေးယူခြင်း မပြုနိုင်စေရန် ဖြစ်စေ၊ လွတ်မြောက်စေရန်အတွက်ဖြစ်စေ ထိမ်ချန်ခြင်း သို့မဟုတ် သိလျက်နှင့်ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီတည်းခိုနေထိုင်ခွင့် ပေးခြင်း သို့မဟုတ် ဝှက်ထားခြင်း၊ ၎င်းအဖွဲ့ဝင်များအား အဆောက်အအုံနှင့်နေရာ တစ်ခုခုအသုံးပြုခွင့်ပေးခြင်း၊ စုဝေးခွင့်၊ အစည်းအဝေးပြုလုပ်ခွင့်ပေးရန်၊ အကြမ်း ဖက်မှုဆိုင်ရာ လေ့ကျင့်သင်တန်းပေးရန် သို့မဟုတ် သယ်ယူပို့ဆောင်ပေးရန်ပြုလုပ် ခြင်း၊ ၎င်းတို့အသုံးပြုရန် ရည်ရွယ်၍ဖြစ်စေ၊ အသုံးပြုမည်ဟု သိလျက်နှင့်ဖြစ်စေ ငွေကြေးကောက်ခံခြင်း၊ လက်ခံခြင်း၊ ထောက်ပံ့ခြင်း၊ ပေးပို့ခြင်း၊ လွှဲပြောင်းခြင်း၊ ကူညီခြင်း၊ လက်ဝယ်ထားခြင်း၊ အားပေးခြင်း၊ လှုံ့ဆော်ခြင်း စသည်တို့ကို ပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများနှင့်ငြိစွန်းပြီး အရေးယူအပြစ်ပေးခြင်း ခံရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ သို့ဖြစ်ရာ ယနေ့ကာလတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးလှုပ်ရှားနေသည့် အခြေအနေမရှိဘဲ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေကြသည်ကိုတွေ့ရ၍ အသိဉာဏ်ရှိသောပြည်သူများ၊ ပညာတတ်သော ပြည်သူများက အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခြင်း၊ အားပေးခြင်း၊ ကူညီခြင်း မပြုလုပ်ကြပါရန် သတိပေးနှိုးဆော်အပ်ပါကြောင်း။ ။