နေပြည်တော် မေ ၁၈
လယ်ယာကဏ္ဍ နည်းပညာပြန့်ပွားရေးလုပ်ငန်းများကို ဦးဆောင်ဦးရွက် ပြုနေကြသည့် စိုက်ပျိုးရေးပညာရှင်များ အနေဖြင့် ဈေးကွက် လိုအပ်ချက်ကို သုံးသပ်၍ တောင်သူများအတွက် အမှန်တကယ် အကျိုးရှိစေသည့် စိုက်ပျိုးထုတ်လုပ်မှု သုတေသနများ ဆောင်ရွက်ရန်နှင့် တောင်သူများ တွေ့ကြုံနေကြရသည့် အခက်အခဲများ ကျော်လွှားနိုင်ရေးအတွက် ထိရောက်စွာ အဖြေရှာ ဖော်ထုတ်ပေးနိုင်မည့် လက်တွေ့ အသုံးချ သုတေသနများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ကြောင်း မေ(၁၆) ရက် မွန်းလွဲ ပိုင်း က စိုက်ပျိုးရေးဦးစီးဌာန အောက်ရှိ ဝါသီးနှံသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံများ ဖြစ်ကြသည့် ဝမ်းတွင်းမြို့နယ် ရွှေတောင်ခြံ နှင့် ကျောက်ဆည်မြို့နယ် လွန်ကျော်ခြံများ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ သုတေသန ပညာရှင်များနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က သီးနှံများ စိုက်ပျိုးရာတွင် မျိုးကောင်းမျိုး သန့်များ ဖူလုံစွာအသုံးပြုနိုင်ရေးအတွက် ပုဂ္ဂလိက မျိုးစေ့ ထုတ်လုပ်မှု လုပ်ငန်းများ ကို အားပေးပြီး ခိုင်ခိုင်မာမာရပ်တည်လာချိန်အထိ မိမိတို့ ဌာနခြံများက မျိုးစေ့ထုတ်လုပ်ခြင်း၊ မျိုးထုတ် တောင်သူအစုအဖွဲ့များမှ စီးပွားဖြစ်မျိုးစေ့ ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်သွားရ မည်ဖြစ်ပြီး ရေရှည်တွင် ဌာနအနေဖြင့် နည်းပညာ ဆွေးနွေး ပြောကြားသည်။
မြန်မာနိုင်ငံ၌ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဧကစုစုပေါင်း သုံးသိန်းကိုးသောင်းကျော်ရှိပြီး ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်များကို ရွှေတောင်ခြံနှင့် လွန်ကျော်ခြံများက အဓိက ထုတ်လုပ်ပေးလျက်ရှိရာ ငွေချည် - ၆ ၊ ငွေချည်-၉ ၊ ငွေချည်-၁၁၊ ရွှေတောင်-၈ နှင့် ရွှေတောင်-၁၀ ဝါမျိုးများမှာ တောင်သူစိတ်ကြိုက်မျိုးများအဖြစ် ထင်ရှားသည်။ သုတေသနလုပ်ငန်းများ အနေဖြင့် ဝါမျိုးသုတေသနများ၊ စိုက်ပျိုးနည်း စနစ်ဆိုင်ရာ သုတေသန၊ အပင်အဟာရ သုတေသန၊ ရောဂါပိုးမွှား သုတေသန၊ စီးပွားရေးတွက်ချေကိုက်မှုဆိုင်ရာ သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ဝါသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းတွင် ဓာတ်မြေသြဇာနှင့် တွဲဘက်၍ သစ်စိမ်းစိုက်ပျိုး ထည့်သွင်း ခြင်း၏ အကျိုးသက်ရောက်မှုအား လေ့လာခြင်းကိုလည်း ကောင်း၊ နည်းပညာ ပြန့်ပွားရေး အတွက် ချည်မျှင်ရှည်ဝါ မျိုးကောင်း မျိုးသန့် စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းသ ရုပ်ပြပွဲနှင့် သင်တန်းများအဖြစ် ဝါစိုက်ပျိုး ထုတ်လုပ်မှု အခြေခံ သင်တန်း၊ မျိုးစေ့ ထုတ်လုပ်မှု ပညာရပ် ဆိုင်ရာ သင်တန်း၊ မြေဆီလွှာ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)