Skip to main content

(၇၃) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) ဩဝါဒါစရိယအဖွဲ့ဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာဖြေသံဃာများအား ဆွမ်းဆက်ကပ်လှူဒါန်းပွဲ

ရန်ကုန် မေ၁၈

တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယအဖွဲ့ ဆရာတော် ကြီးများ၊ ပုစ္ဆက ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များနှင့် (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) ဖြေဆိုတော်မူကြသည့် စာဖြေသံဃာတော်များအား အလှူရှင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုတို့က နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ သုံးထပ်ဆွမ်းစား ကျောင်းဆောင်၌  ယနေ့ နံနက် ၁၀ နာရီခွဲတွင်  ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြပြီး တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ သုဓမ္မာ စာရာဘိဝံသ(အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ)ထံမှ အနုမောဒနာ တရား နာယူကာ လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းလောင်း အမျှပေးဝေခဲ့သည်။

နံနက်ပိုင်းတွင်လည်း အလှူရှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုတို့က လှူဒါန်းသည့် အရုဏ်ဆွမ်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ နှင့်ဇနီး တို့က ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပလျက်ရှိသည့် (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး(သဘောရေးဖြေ) စာမေးပွဲဖြေဆိုတော်မူကြသော အဘိဓမ္မာ (ရှေ့ပိုင်း) စာဖြေသံဃာ ပါး၊ အဘိဓမ္မာ(နောက်ပိုင်း)စာဖြေသံဃာ ပါး၊ ဝိနည်း(ရှေ့ပိုင်း) စာဖြေသံဃာ ၆၅ ပါး စုစုပေါင်းစာဖြေသံဃာ ၇၇ ပါးတို့အား ဖူးမြော်ကြည်ညိုသည်။

အဆိုပါ (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး(သဘောရေးဖြေ) စာမေးပွဲကြီးကို မေ ၁၇ ရက်မှ မေ၂၁ ရက်အထိ ရက်တိုင်တိုင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသွားမည်ဖြစ်ပြီး စာဖြေ သံဃာ ၁၇၁ ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့၊ ပြည်လမ်းရှိ အမျိုးသားပြတိုက် (ရန်ကုန်) အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြတိုက်တာဝန်ခံက လိုက်လံရှင်း လင်းပြသရာ  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားပြတိုက်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှာ စကားပြောကြားရာတွင် ယနေ့သည် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ဖြစ်ပါကြောင်း၊  ပြတိုက်လုပ်ငန်းသည် ပြည်သူကို အသိပညာပေး ဆောင်ရွက်ရသည့် ဝန်ဆောင်မှုပေးသည့် အားလျော်စွာ ပြသပစ္စည်းများကို မိမိတို့ကိုယ်တိုင်က ကြေညက်စွာသိရှိနားလည်အောင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ပြတိုက်ပညာရပ်များကိုလည်း ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ချိတ်ဆက်၍ စဉ်ဆက်မပြတ် လေ့လာသင်ယူနေဖို့  လိုအပ်ကြောင်း၊ နိုင်ငံ တကာ ပြတိုက်များနှင့် ချိတ်ဆက်၍ မိမိနိုင်ငံ၏ပြတိုက်ပစ္စည်းများကို နိုင်ငံတကာတွင် အထူးပြပွဲများ ပြသနိုင်ရေးစီစဉ်ရန် လိုအပ်ကြောင်း၊ ပြတိုက်များသည် အများပြည်သူများ အသိပညာ ပြန့်ပွားစေရုံမကဘဲ မျိုးဆက်သစ် ကျောင်းသား လူငယ်များကိုလည်း မိမိတို့၏ ယဉ်ကျေးမှုကို လက်ဆင့်ကမ်းသိရှိစေရန် သက်ဆိုင်ရာနှင့် ချိတ်ဆက်၍ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ရေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပြတိုက်နှင့်စပ်လျဉ်းသည့် စာတမ်းဖတ်ပွဲများ ကျင်းပနိုင်ရေးစီစဉ်ရန်  မှာကြားသည်။

(သတင်းစဉ်)