နေပြည်တော် မေ ၁၈
ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မူပိုင်ခွင့်ဥပဒေဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပြည်တွင်း ကုန်စည် စီးဆင်းမှု အခြေအနေများနှင့်ပတ်သက်၍ အပတ်စဉ်ကျင်းပသည့် ဝန်ကြီးဌာနတွင်း လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်နေမှုများ၊ စားသုံးသူ ကာကွယ်ရေးဥပဒေအရ စားသုံးသူများကြုံတွေ့နေရသည့် အခက်အခဲများကို တိုင်ကြားနိုင် ရေးအတွက် Consumer Call Center အကောင်အထည်ဖော်ဆောင်ရွက်ထားမှုများ၊ စိုက်ပျိုး မွေးမြူရေးအခြေခံထုတ်ကုန်များ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ မူပိုင်ခွင့်ဆိုင် ရာကိစ္စရပ်များ၊ ဒူဘိုင်းနိုင်ငံတွင် ကျင်းပမည့် Dubai Expo 2020 သို့ မြန်မာနိုင်ငံမှ လုပ်ငန်း ရှင်များပါဝင်ပြသရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆီထွက်သီးနှံနှင့် စားသုံးဆီဖွံ့ဖြိုးတိုးတက်မှု မူဝါဒ မူဘောင်တစ်ရပ်ဖြစ်ပေါ်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာနများမှ တင်ပြချက်များနှင့်စပ်လျဉ်း၍ နယ်စပ် ကုန်သွယ်မှုတွင် စိုက်ပျိုးမွေးမြူရေးအခြေခံထုတ်ကုန်များ စျေးနှုန်းမှန်ရရှိအောင် ဆောင်ရွက် ပေးရန်နှင့် မိမိနိုင်ငံမှလယ်ယာထွက်ကုန်များ အရည်အသွေးပြည့်မီစွာ တင်ပို့နိုင်ရေး ဆောင် ရွက်ပေးရမည့် ကိစ္စရပ်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာအကောင်အထည် ဖော်ဆောင်ရွက်နိုင်စေရေးတို့ကို မှာကြားပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များ တက်ရောက်ကြသည်။
(သတင်းစဉ်)