Skip to main content

အသိ သတိဖြင့် ကြံ့ကြံ့ခံ

ယခုကာလသည် မြန်မာနိုင်ငံ၏ မိုးကြိုကာလဖြစ်သည့်အလျောက် နေ့အပူချိန်များ မြင့်မား နေသလို မိုးကြိုကာလ၏ မိုးလေဝသအခြေ အနေများလည်း ဖြစ်ပေါ်လျက်ရှိသည်။ မြန်မာ နိုင်ငံ၏ သဘာဝဘေး အန္တရာယ်များ ကြုံတွေ့ရသည့် ဖြစ်စဉ်များအနက် သမိုင်းဝင်စံချိန် တင်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးသည် ၂၀၀၈ ခုနှစ် မေလဆန်း ယခုလို အချိန်ရာသီ တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ ကမ္ဘာကြီးသည် ပိုမိုပူနွေးလာမှုနှင့်အတူ ရာသီဥတုများ မှာလည်းပြောင်းလဲလာသည်။ သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားမှု ပိုမိုများပြားလာသည့်နည်းတူ ပိုမို၍လည်း ကြမ်းတမ်း လာသည်။ ထို့ကြောင့် လူတို့၏ အသက်အိုးအိမ် ပစ္စည်းဥစ္စာများ၊ စီးပွားရေး လုပ်ငန်းများ စိုက်ပျိုးမွေးမြူ လုပ်ငန်းများ၊ အခြေခံအဆောက်အအုံ များပညာရေး၊ ကျန်းမာရေး အစရှိသည်တို့မှာသဘာဝဘေး အန္တရာယ် ကျရောက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ပိုမိုကြုံတွေ့လာကြ ရသည်။ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ နိုင်သည့် အခြေအနေမြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ကမ်းရိုးတန်းဒေသများသည် မုန်တိုင်း၊ မုန်တိုင်းဒီရေ၊ ဆူနာမီ စသည့် သဘာဝဘေးများ ကြုံတွေ့နိုင်ပြီး မြစ်ဝကျွန်း ပေါ်ဒေသနှင့် မြစ်ဝှမ်းဒေသ အများအပြားတို့မှာ ရေကြီးရေလျှံမှု၊ ကုန်းမြင့်ဒေသ များ၊ တောင်ကုန်းတောင်တန်း ဒေသများတွင်မူ တောင်ကျရေ ဖုံးလွှမ်းမှု၊ မြေပြိုမှု စသည့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင် သည်။ ပြတ်ရွေ့မြေငလျင်ကြောဒေသများတွင် မြေငလျင် လှုပ်ပါက ထိခိုက်ပျက်စီးနိုင်ခြေမြင့်မားပြီး တစ်နိုင်ငံလုံးရှိ လူနေဒေသများ အားလုံး တွင် အမြဲသတိပြုနေကြရမည့် ဘေးအန္တရာယ်မှာမူ မီးဘေး ဖြစ်သည်။

သဘာဝဘေးအန္တရာယ်ကို မဖြစ်ပေါ်အောင်တားဆီးမှုမပြုနိုင် သော်လည်း သဘာဝဘေး အန္တရာယ် ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပျက်စီးဆုံးရှုံးမှုများကို လျော့နည်းနိုင်သမျှ လျော့နည်း သက်သာရန် အတွက်မှာမူ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် စီမံချက်များရေးဆွဲထားပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထား နိုင်သည်။ သဘာဝဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ သဘာ ဝဘေး အန္တရာယ် ကျရောက်လာချိန်တွင် ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးသည့် အခါတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတို့ကို ကြိုတင်၍ စီမံချက်ရေးဆွဲကာ လုပ်ငန်းအစီအစဉ်အလိုက် လျင်လျင်မြန်မြန်

ဆောင်ရွက်သွားနိုင်သည်။ ပြန်လည်ထူထောင်ရေး၊ တည်ဆောက် ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးတို့ ပြုလုပ်ခြင်း ဖြင့် သဘာဝဘေးအန္တရာယ်မကျရောက်မီက အခြေအနေထက် ပိုမိုကောင်းမွန် သည့် လူနေမှုများရရှိအောင် ဆောင်ရွက်နိုင်သည်။

သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့ကို မိမိတို့သည် တစ်ချိန် မဟုတ်တစ်ချိန်တွင် ကြုံတွေ့ ခံစားကြရမည် သာဖြစ်ပြီး ရှောင်လွှဲ၍ မရ၊ အင်အားကြီးမားလှသည့်သဘာဝတရားကြီး၏ အဖျက်စွမ်းအား တို့ကို တားဆီး၍မရသည့်တိုင် ဘေးဒဏ်တို့ကို ကြံ့ကြံ့ခံနိုင်ရန်မူ စွမ်းဆောင်နိုင်  သည်။ မိမိတို့နေ ထိုင်ရာ ဒေသများအလိုက် ကြုံတွေ့ ရလေ့ရှိသော သဘာဝဘေးအန္တရာယ်တို့ကို ဖြစ်ပေါ်မလာမီကပင် ကြိုတင်မျှော်တွေးကာ ရင်ဆိုင်နိုင်ရေး၊ ရှောင်တိမ်းနိုင်ရေး ရှင်သန် နိုင်ရေး၊ လွတ်မြောက်နိုင်ရေး တို့အတွက် သေချာစွာ ပြင်ဆင်ထား ကြရမည်ဖြစ်သည်။

“အသက်ကို ဉာဏ်စောင့်” ဆိုသည့် ဆိုရိုးအတိုင်း ဉာဏ်ပညာ၊ ဗဟုသုတပြည့်စုံသူတို့မှာ သဘာဝဘေး အန္တရာယ်ကြောင့် ဖြစ်ပေါ် လာနိုင်သည့် ပျက်စီးဆုံးရှုံးမှုတို့မှ ရှောင်လွှဲနိုင်ကြမည်ဖြစ်သည်။ အချိန် ကာလအလိုက် မီဒီယာအမျိုးမျိုးတို့မှ ကြိုတင်ထုတ်ပြန် ပေးနေသည့် သတင်းအချက်အလက်များ၊ အသိပညာပေးမှုများကို မျက်ခြည်မပြတ်ရယူကာ အသိ၊ သတိတို့ဖြင့် လိုက်နာဆောင်ရွက် ကြသည်နှင့် အမျှ အသက်အိုးအိမ် စီးပွားဥစ္စာဆုံးရှုံးမှုတို့လျော့ပါးသက်သာနိုင်ကြမည်ဟု အကျိုးမျှော်ကာ နှိုးဆော် အပ် ပါကြောင်း။ ။

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်