Skip to main content

၂၀၂၁ ဆီးဂိမ်းလှေလှော်အားကစားနည်းတွင် ကနူးကယက်နှင့် အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲ နှစ်မျိုးသာ ပါဝင်မည်

 

ရန်ကုန် မေ ၁၇

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂၀၂၁ ခုနှစ် (၃၁)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲ၏ လှေလှော်အားကစားနည်း တွင် ကနူး/ကယက်နှင့် အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲ နှစ်မျိုးသာ ပါဝင်မည်ဖြစ်သည်။

ပုံမှန်အရ လှေလှော်အားကစားနည်းတွင် ကနူး/ကယက်နှင့် အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲ အပြင် ရိုးရာ လှေပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပလေ့ရှိသော်လည်း အိမ်ရှင် ဗီယက်နမ်နိုင်ငံ အနေဖြင့် အားနည်း သဖြင့် ထည့်သွင်းမကျင်းပခြင်း ဖြစ်သည်။ ရိုးရာ လှေအားကစားနည်းမှာ မြန်မာအားကစား အဖွဲ့ အားသာသည့်အားကစားနည်းဖြစ်သော်လည်း ပါဝင်လာခြင်းမရှိသဖြင့် အားနည်းမှု များ ရှိလာနိုင် သည်။ ဆီးဂိမ်းပြိုင်ပွဲ၏ လှေလှော်အားကစားနည်းတွင် ရွှေတံဆိပ် စုစုပေါင်း ၃၅ ခု ချီးမြှင့် သွားမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲမှ ရွှေတံဆိပ် ၁၆ ခု၊ ကနူးကယက်လှေပြိုင်ပွဲမှ ရွှေတံဆိပ် ၁၉ခု ချီးမြှင့်သွားမည်ဖြစ်သည်။ ဆီးဂိမ်း ကနူး ကယက် အားကစားနည်းတွင် အမျိုးသား ပြိုင်ပွဲ ခုနစ်မျိုး၊ အမျိုးသမီးပြိုင်ပွဲ ၁၂ မျိုး ထည့်သွင်းကျင်းပ မည်ဖြစ်ပြီး အမျိုးသားပြိုင်ပွဲ တွင် မီတာ ၁၀၀၀ ပြိုင်ပွဲ ငါးမျိုးနှင့် မီတာ ၅၀၀ ပြိုင်ပွဲ နှစ်မျိုး၊ အမျိုးသမီးပြိုင်ပွဲတွင် မီတာ ( ၁၀၀၀ ပြိုင်ပွဲငါးမျိုး၊ မီတာ ၅၀၀ ပြိုင်ပွဲ ငါးမျိုး နှင့် မီတာ ၂၀၀ ပြိုင်ပွဲနှစ်မျိုး ပါဝင်မည်ဖြစ် သည်။ အပြည်ပြည်ဆိုင်ရာ လှေအားကစား နည်းတွင်မူ အမျိုးသား ပြိုင်ပွဲ ရှစ်မျိုး၊ အမျိုးသမီးပြိုင်ပွဲရှစ်မျိုး ထည့်သွင်းကျင်းပ မည်ဖြစ်သည်။

မြန်မာလှေလှော်အဖွဲ့သည် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် ပဏာမ ကစားသမား ၃၀ကျော်ဖြင့် စခန်းဝင်လေ့ကျင့်လျက်ရှိပြီး ဆီးဂိမ်းမတိုင်မီ ပြည်ပနိုင်ငံများ၌ သွားရောက်လေ့ကျင့်ရန် စီစဉ်ထား ကြောင်း သိရသည်။ ဆီးဂိမ်းပြိုင်ပွဲ၌ ယှဉ်ပြိုင်မည့် ပြိုင်ပွဲအမျိုးအစားများကို ကစား သမားများ၏ စံချိန်အပေါ်မူတည်၍ ရွေးချယ်သွားမည်ဖြစ်ပြီး နိုင်ငံခြားသားနည်းပြများ ငှားရမ်း ရန် လည်း စီစဉ် ထားသည်။

ရဲရင့်လွင်