မန္တလေး မေ ၁၇
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေသည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၆) အခြေခံပညာ အထက်တန်းကျောင်းတွင် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ အခြေခံပညာဦးစီးဌာနမှ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပညာရေး မှူးများ၊ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်း ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပညာရေး မိသားစုများ အနေဖြင့် မိမိတို့၏ အခက်အခဲ လိုအပ်ချက်များရှိပါက တင်ပြစေလိုပါကြောင်း၊ ဝန်ထမ်းဖြစ်လျှင် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် စေတနာ၊ဝါသနာ၊ အနစ်နာ ဟူသော နာ(၃)နာနှင့် ကလေးငယ်များအား ပညာတတ်ဖြစ်အောင် ဆက်လက် ပညာ သင်ကြား ပေးစေလိုကြောင်း၊ ဆရာ ဆရာမများ၏ဂုဏ်သိက္ခာသည် အလွန်မွန်မြတ် သည့်အတွက် ထာဝရဆရာအဖြစ်ခံယူကာ နိုင်ငံသားကောင်းရတနာများကို မွေးထုတ်ပေး စေလိုပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်ဝင်ရန် နောက်ကျနေသော ဆရာ၊ ဆရာမများ (၆)လအတွင်း ပြန်လည်ဝင်ရောက်ပါက ပြန်လည်လက်ခံရန် စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများကို စာသင်ပေးသည့်အခါ အတန်း အစား မခွဲခြားဘဲ တန်းတူအခွင့်အရေးပေး၍ ပညာသင်ကြားပေး စေလိုပါကြောင်း၊ ခရိုင် ပညာရေးမှူးများ၊ မြို့နယ်ပညာရေး မှူးများအနေဖြင့် မိမိတို့ပညာရေးလုပ်ငန်းစဉ် သဘော တရားများကို ထပ်ဆင့်ပြန်လည် ရှင်းလင်းပြောကြားပေးစေလိုပါကြောင်း။
ထို့နောက် တက်ရောက်လာသော ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ က ကျောင်းဖွင့်ရန် ပြင်ဆင်ဆောင်ရွက်ထားသည့် လုပ်ငန်းစဉ်များနှင့် သင်ကြားရေးပိုင်းဆိုင်ရာ ဆရာ၊ ဆရာမလိုအပ်ချက်များ၊ အဆောက်အအုံပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ စာကြည့်တိုက် ပိုင်းဆိုင်ရာလိုအပ်ချက်များ တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မန္တလေးတိုင်းဒေသကြီး အတွင်း ရှိ အဆင့်မြင့်ပညာဦးစီးဌာနမှ တက္ကသိုလ်၊ ကောလိပ်ပါမောက္ခချုပ်များ၊ ဒုတိယပါ မောက္ခ ချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခဌာနမှူးများနှင့် မေ ၁၆ ရက် ညနေ ၅ နာရီတွင် မန္တလေးတက္ကသိုလ် ပင်မဆောင်တွင် တွေ့ဆုံခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပညာရေး မိသားစုများ အနေဖြင့် စည်းကမ်းဘောင်အတွင်း ကိုယ်ချင်းစာစိတ်များဖြင့် စီမံအုပ်ချုပ် ဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိတို့တက္ကသိုလ် ကောလိပ်များဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်ချက်များရှိပါက တင်ပြဆွေးနွေးကြစေလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများက ဆောင်ရွက်ပြီးလုပ်ငန်းများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းများနှင့် တက္ကသိုလ်ကောလိပ်များ၏ အခြေခံအဆောက်အအုံနှင့် သင်ကြားရေးပိုင်း ဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြပြရာ ပြည်ထောင်စု ဝန်ကြီး က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)