နေပြည်တော်၊ မေ ၁၇
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ငွေကျပ်သိန်း ၇,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မေ ၁၆ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပင်လောင်းမြို့နယ်၊ ပင်လောင်း-တပ်ကုန်းသွား ကားလမ်း၊ လိန်းလီကြိုးတံတားပူးပေါင်းစစ်ဆေးရေးစခန်း၌ ပင်လောင်းမှ လိန်းလီဘက်သို့ စိုင်းထွန်း (၄၉)နှစ် မောင်းနှင်ပြီး ခွန်လှသိန်း(၂၈)နှစ် လိုက်ပါလာသည့် PROBOX မော်တော် ယာဉ်အား ရှာဖွေရာ မော်တော်ယာဉ်၏ ကိုယ်ထည် အတွင်း၌ မူးယစ်ဆေးဝါးများထည့်သွင်း သယ်ဆောင် လာကြောင်း မသင်္ကာဖွယ်တွေ့ရှိရသဖြင့် အဆိုပါယာဉ်နှင့် ဆက်စပ်ပတ်သက် သူများကို အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ တပ်ကုန်းမြို့နယ်၊ ကင်းသာ ကျေးရွာအနီးတွင် ခွန်ညွန့်မောင် (ခ) စိုးမောင် (၂၆) နှစ်အား HIJET မော်တော်ယာဉ်နှင့် လည်းကောင်း၊ ညနေ ၆ နာရီအချိန် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း ရေဆင်းမီးပွိုင့်အနီးတွင် မူးယစ်ဆေးဝါးများ လက်ခံမည့် သူများဖြစ်သည့် ဇင်သူကျော် (ခ)ကိုမြင့် (၃၄)နှစ်နှင့် နေလင်းထွန်း(ခ)ရခိုင်ကြီး (၃၃)နှစ် တို့ကို မော်တော် ဆိုင်ကယ်တစ်စီးနှင့်လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ အား ထိန်းသိမ်း ရှာဖွေရာ PROBOX မော်တော်ယာဉ်အတွင်းမှ မူးယစ်ဆေးဝါးများ စုစုပေါင်း ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၇,၀၀၀ ကျော်တန်ဖိုးရှိ အိုက်စ် ၁၉ ကီလို၊ ကက်တမင်း ၁၃ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၈၆,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက် ချက်များအရ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများမှာ ရှမ်း ပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်မှ ပဲခူးတိုင်း ဒေသကြီး၊ ဘုရားကြီးမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေး ယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ သိရသည်။
(သတင်းစဉ်)