နေပြည်တော် မေ ၁၇
(၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး (သဘောရေး ဖြေ) စာမေးပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက်(၈) ခွဲ က ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာ ဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့၊ ဩဝါဒါစရိယ ဥက္ကဋ္ဌဆရာတော် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ သာသနာ့ဂုဏ်ရည်ကျောင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တ ပညိဿရာဘိဝံသ ထံမှ ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ(ဝဋံသကာပါဠိသိရောမဏိ)က သာရဏီယ ဩဝါဒကထာကို မိန့်ကြားတော်မူသည်။
(နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (ဝဋံသကာပါဠိသိရောမဏိ) ၏သာရဏီယ ဩဝါဒ ကထာကို သီးခြားဖော်ပြထားပါသည်)
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်ရွေးချယ်ပွဲကြီးကို ၁၃၁၀ ပြည့်နှစ်၊ ပထမအကြိမ်မှ စတင်၍ နှစ်စဉ်မပျက် ကျင်းပပြုလုပ်ခဲ့သည်မှာ ယခု ၁၃၈၃ ခုနှစ်တွင် (၇၃)ကြိမ်မြောက်တိုင် ရောက်ရှိခဲ့ ပါကြောင်း၊ ကျင်းပပြီးစီးခဲ့သော (၇၂)ကြိမ်မြောက် စာမေးပွဲကြီးထိ ၇၂ နှစ်တာကာလအတွင်း တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ်ကြီး ၁၅ ပါး၊ တိပိဋကဓရ ပိဋကသုံးပုံ အာဂုံဆောင် သာသနာ့အာဇာနည် အရှင်မြတ်ကြီး ၇ ပါးတို့ ပေါ်ထွန်းခဲ့ပြီဖြစ်သဖြင့် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးသည် သာသနာ တော်ကြီး၏ ရေသောက်မြစ် ရှင်သန်အောင်ပြုစုရာ၌ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါကြောင်း၊ ယခုနှစ်ကျင်းပသော (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးသည် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်း ကျရောက်နေသော အချိန်နှင့် ရင်ဆိုင်ကြုံတွေ့ နေရသဖြင့် နှစ်စဉ်ပုံမှန်ကျင်းပမြဲဖြစ်သော ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ကျင်းပနိုင်ခဲ့ခြင်းမရှိ သော်လည်း တိပိဋကဓရ သြဝါဒါစရိယဆရာတော်များ၏လျှောက်ထားချက်၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၏သဘောတူညီချက်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် တွင် သဘောရေးဖြေသက်သက် ကျင်းပပြုလုပ်ရသော စာမေးပွဲကြီးဖြစ်သောကြောင့် ထူးခြား သော မှတ်တိုင်တစ်ခုဟုဆိုရမည်ဖြစ်ပါကြောင်း" လျှောက်ထားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော် များ ဆက်ကပ်လှူဒါန်းပြီး ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ နိုင်ငံတော်သံဃ မဟာနာ ယကအဖွဲ့ အကျိုးတော်ဆောင် မင်းကျောင်းပထမပြန်စာသင်တိုက် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နံနက်(၁၀) နာရီခွဲတွင် ကမ္ဘာအေးကုန်းမြေ သုံးထပ် ဆွမ်းစား ဆောင်၌ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ ဆရာတော် များ၊ ပုစ္ဆက ဆရာတော်များ၊ ကြီးကြပ်ရေး ဆရာတော်များနှင့် စာဖြေသံဃာ တော်များအား အလှူရှင် ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) မဟာသရေစည်သူ ဦးရဲမြင့်နှင့်ဇနီး ဒေါက်တာ ဒေါ်တင်လေးမြင့် မိသားစု တို့နှင့်အတူ နေ့ဆွမ်းကပ်လှူဒါန်းခဲ့ပြီး တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဩဝါဒါ စရိယ ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသုဓမ္မာ စာရာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ)ထံမှ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းလောင်း အမျှပေးဝေသည်။
မွန်းလွဲပိုင်းတွင် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယအဖွဲ့ ဆရာတော်ကြီး ၁၀ ပါးတို့အား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေကျပ် ၃ သိန်းစီကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် (၇၃) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖြေဆိုတော်မူကြသော အဘိဓမ္မာ (ရှေ့ပိုင်း) စာဖြေသံဃာ ၆ ပါး၊ အဘိဓမ္မာ(နောက်ပိုင်း) စာဖြေသံဃာ ၆ ပါး၊ ဒီဃနိကာယ် စာဖြေ သံဃာ ၂၄ ပါး၊ ဝိနည်း(ရှေ့ပိုင်း) ၆၅ ပါး စုစုပေါင်း စာဖြေသံဃာတော် ၁၀၁ ပါးတို့အား ဖူးမြော် ကြည်ညိုသည်။
အဆိုပါ (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲကြီးကို ကမ္ဘာအေးကုန်းမြေ မဟာပါ သာဏလိုဏ်ဂူ သိမ်တော်ကြီး၌ မေ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပသွား မည်ဖြစ်ကာ စာဖြေသံဃာ ၁၇၁ ပါး ဝင်ရောက် ဖြေဆိုကြကြောင်း သိရသည်။
(သတင်းစဉ်)