နေပြည်တော် မေ ၁၆
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၌ အဖျက်အမှောင့်လုပ်ငန်း လုပ်ဆောင်ရန် လက်လုပ် မိုင်း ယူဆောင် လာစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အား ဆက်လက် စိစစ် ခဲ့ရာမှ ဖောက်ခွဲရေးပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်တောင်ရပ်ကွက် ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအနီး လမ်းပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး ခဲ့ရာ ဦးပွား ခုံးကျော်တံတားအတိုင်း အောင်မြေသာစံမြို့နယ်မြောက်ပြင်အကွက်(၃၆) ဆရာစံဈေး မြောက် ပေါက် ရှိ မြတ်မင်းဦး (ဘ) ဦးသစ်တင်ဦး မောင်းနှင်ပြီး ဘခက် (စိစစ်ဆဲ) စီးနင်းလာသော ဆိုင်ကယ် သည် အဖျက်အမှောင့်လုပ်ငန်း ပြုလုပ်ရန်အတွက် လက်လုပ်မိုင်းတစ်လုံး သိုဝှက်ယူဆောင်ခဲ့ပြီး မောင်းနှင်လာစဉ် အဆိုပါနေရာအရောက် ပေါက်ကွဲ ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဘခက်၏ဝဲဒူးတွင် ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ထွက်ပြေးသွားခဲ့ပြီး ဆိုင်ကယ် မောင်းနှင်သူ မြတ်မင်းဦးကို ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးရမိသူ မြတ်မင်းဦး၏ နေအိမ်ကို ဝင်ရောက် ရှာဖွေခဲ့ရာ ဓာတ်ခဲ လေးလုံး၊ ဆိုင်ကယ်ဘက်ထရီအိုး နှစ်လုံး၊ အချိုရည်ဘူးဖြင့် ပြုလုပ်ထားသော စနက်တံ ပါ လက်လုပ်မိုင်း ရှစ်လုံး၊ Keypad ဖုန်းအဟောင်း လေးလုံး၊ Tablet ဖုန်းအဟောင်း ခြောက်လုံး၊ ဝိုင်ယာကြိုးအပိုင်းအစများ စားပွဲတင်နာရီတစ်လုံး၊ Laptop တစ်လုံးနှင့် နိုင်ငံတော်ဆန့်ကျင်ရေးစာသားပါ ဗီနိုင်း တစ်ခုကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖြစ်စဉ်တွင် ထွက်ပြေးတိမ်းရှောင်သွားသူ ဘခက်(စိစစ်)အား ဖမ်းဆီးရမိနိုင်ရေးနှင့် ဖမ်းဆီး ရမိသူ မြတ်မင်းဦးကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်