Skip to main content

ရန်ကုန်မြို့ ဂေဟစနစ်ကို ထိန်းညိှပေးနေသော အင်းလျားကန်နှင့် ကန်တော်ကြီးတို့ကို ရေရှည်ထိန်းသိမ်းသင့်

 

ရန်ကုန် မေ ၁၆

ကန်တော်ကြီး ရေလှောင်ကန်သည် တစ်ချိန်က ရန်ကုန်မြို့နေလူထုအတွက် ကျန်းမာရေးနှင့်ညီညွတ်သော သောက် သုံးရေများကို ကာလကြာမြင့်စွာ ဖြန့်ဝေပေးရာမှ မြို့တော်လူဦးရေတိုးပွားလာချိန်တွင် သောက်သုံး ရေများ ပိုမိုဖူလုံပြည့်ဝ စွာ ပေးနိုင်ရန်အတွက် အင်းလျားကန်မှရေကို ကန်တော်ကြီးထဲသို့ လက်မ ၃ဝ ပိုက် များဖြင့် သွယ်တန်းကာ သောက်သုံးရေများ ဆက်လက်ဖြန့်ဝေပေးနိုင်ခဲ့သည်။

ကန်တော်ကြီးနှင့် အင်းလျားရှေးဟောင်းသမိုင်းဝင် ရေလှောင်ကန်ကြီးများ၏ ကန်ရေပြင် အစဉ် ကြည်လင် စေရေးနှင့် ဝန်းကျင်သစ်တောများ စိမ်းလန်းစိုပြည်စေရေးအတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ က လွတ်လပ်ရေးရရှိချိန်မှစ၍ ယနေ့တိုင် စနစ်တကျ ကာကွယ်ထိန်းသိမ်းစောင့် ရှောက်လျက်ရှိသည်။

 ထို့နောက် ၁၉၀၄ ခုနှစ်တွင် မင်္ဂလာဒုံမြို့နယ် လှော်ကားရေလှောင် ကန်တည်ဆောက်မှုလုပ်ငန်းများ ပြီးစီး၍ နေ့စဉ် ရေဂါလန်သန်း ၂ဝကို စတင်ဖြန့်ဝေပေးနိုင်ခဲ့ပြီဖြစ်၍ ကန်တော်ကြီးရေလှောင်ကန်မှ သောက်သုံး ရေဖြန့် ဝေရေး လုပ်ငန်းကို ရပ်ဆိုင်းခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သည် ၁၉၉ဝ ပြည့်နှစ်တွင် ရန်ကုန်မြို့တော် ကို ဥယျာဉ်မြို့တော်အဖြစ် ဖန်တီး တည်ဆောက်ချိန်၌ ကန်တော်ကြီး ရေလှောင်ကန်ကို အများပြည်သူများ အနားယူအပန်းဖြေစရာ နေရာ အသစ် တစ်ခုအဖြစ် ဖန်တီး တည်ဆောက်ပြုစုခဲ့သဖြင့် ကန်တော်ကြီး သည် ယခုအခါ သဘာဝဥယျာဉ်ကြီးအဖြစ် အသင့်ရှိ ကာ ပြည်သူများ သာမက နိုင်ငံတကာမှ ဧည့်သည်များလည်း နေ့စဉ်လာရောက်ကာ အပန်းဖြေလေ့လာလျက် ရှိကြသည်။

ဂေဟစနစ်ကိုထိန်းညှိပေးနေ

ရန်ကုန်မြို့ လူဦးရေသည် ၁၉၉၅ ခုနှစ်နောက်ပိုင်း အဆမတန် တိုးပွားလာမှုကြောင့် ကန်တော်ကြီးနှင့် စိမ်းလန်း သော သစ်ပင်ပန်းမန် များ ထိခိုက်ပျက်စီးမှုမရှိစေရန် တားမြစ်စည်းကမ်းချက် ဆိုင်းဘုတ် များဖြင့် အသိပညာ ပေးခြင်း၊ စည်းရုံးခြင်း၊ ပြည်သူများ ပါဝင်ပူးပေါင်း လာအောင် ပိုစတာများ ကြော်ငြာများဖြင့် နှိုးဆော် ထိန်းသိမ်း လျက်ရှိ သည်။ ယခုအခါ ပြည်သူများအတွက် နွေရာသီအပန်းဖြေရာ “အိုအေစစ်" တစ်ခုအသွင် တည်ရှိပြီး ရုပ်ရှင်ဗီဒီရို အနုပညာရှင် များအတွက်လည်း ရန်ကုန်ဟောလီးဝုဒ်သဖွယ် တည်ရှိနေသည်သာမက ရန်ကုန်မြို့၏ ဂေဟစနစ် ကိုထိန်းညှိပေးနေသော နေရာလည်းဖြစ်သည်။

မြို့တော်စည်ပင်သည် ကန်တော်ကြီး သဘာဝပတ်ဝန်းကျင် အစဉ် စိမ်းလန်းစိုပြည်စေရေးအတွက် ကန်ရေပြင် အတွင်း သို့ ရေဆိုးများ အလွန့်အကျွံမဝင်ရောက်စေရန်၊ အနံ့ဆိုးများမထွက်ရှိစေရန် ရေဆိုး ဝင်ပေါက်နေရာများ၌ ရေထိန်း တံခါးများ၊ သဲစစ်ကန်များ ကန်ပတ်လည် ရေလွှဲမြောင်းကြီးများ တည်ဆောက်ကာ ကန်ရေပြင် ကြည် လင် သန့်ရှင်း စေရန်နှင့် ရေညှိရေမှော်များ ထပ်မံတိုးပွားလာစေရန် ဂျပန်နိုင်ငံ ပညာရှင်များနှင့် ပူးပေါင်း ကာ ရေပန်း (Glorious Water Fountain ခုကို ကန်ရေပြင်အတွင်း တပ်ဆင်ခြင်း၊ ဒိုက်များ၊ ဗေဒါများ၊ စွန့်ပစ်   အမှိုက် များကို လူအား၊ စက်ယန္တရားအားဖြင့် စဉ်ဆက်မပြတ် သန့်စင်ပေးလျက်ရှိသည်။ တပ်ဆင် ထားသော ရေပန်း ၁၁ ခုမှာ နုန်းများကြောင့် ကန်ရေပြင် အစိမ်းရောင် ထနေအောင် ဖြစ်ပေါ်သည့်ရေမှော်၊ ရေညှိ ဖြစ်ထွန်းမှုကို လျှော့ ချခြင်းနှင့် ရေတွင် အနံ့ဆိုးမဖြစ်စေရန်အတွက် ထားရှိထားရာ အချို့ သည်ချို့ယွင်းနေကြောင်း သိရသည်။

မန္တလေးကျုံးရေပြင် အခြေအနေများနဲ့ အလားတူသော ရန်ကုန်မြို့ ကန်တော်ကြီးကို ပြုပြင်သင့်တယ်။ မန္တလေး ကျုံးရေ အဟောင်းထုတ်ပြီး ၊ ရေအသစ်ပြန်သွင်းတဲ့ လုပ်ငန်းက မခက်ဘူး၊ ဘာခက်လည်းဆိုတော့ နှစ် (၁၅၀) ကျော်ရှိတဲ့ ဖုန်းနဲ့ ရေမှော်၊ ရေညှိတွေ ဆယ်ထုတ်တာက စိန်ခေါ်မှုရှိတယ်။ ကျုံးရေကုန်ပြီးချိန်တွင် စက် ယန္တရား ကြီးဆင်းပြီး နုန်းတွေ၊ နို့တွေကိုဆယ်တဲ့အခါ အစိုဓာတ်မကုန်တာကြောင့် ဒိုဇာစက် ကြီးတွေ နုန်းထဲမှာ နစ်သွားတော့ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးပန်းအောင်ရဲ့ အကူအညီ အကြံဉာဏ်တွေတောင်းခဲ့ရတယ်။ ဦးပန်းအောင်ရဲ့ အကြံဉာဏ်အတိုင်းနေပူရှိန်ကြောင့် ခြောက်သွားတော့မှ လူအင်အားနဲ့ ဖုန်းတွေကို သယ်ထုတ် ကာ စက်ယန္တရားကြီးတွေဝင်နိုင် တော့မှ လုပ်ငန်းတွင်ကျယ်လာတယ်။ အနက် ပေ ၂၀ ကျော်ရတော့မှ ကြမ်းပြင်နဲ့ နံရံကျောက်စီတဲ့ လုပ်ငန်းကို ဆည်များတည်ဆောက် မှုအတွေ့အကြုံရှိတဲ့ မြင်းခြံက ပညာရှင်နဲ့ ကောင်းမွန်စွာ ဆောင်ရွက် နိုင်ခဲ့တယ်။ တကယ် လုပ်မယ်ဆိုရင် ကန်တော်ကြီး အကျယ်က မန္တလေးရဲ့ ရှစ်ပုံတစ်ပုံလောက်ပဲ ရှိတော့ အခက်အခဲမရှိနိုင်ပါဘူး ဟုလွန်ခဲ့ သော နှစ် ၃၀ ခန့်က မန္တလေးကျုံးတူးဖော်မှုလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက် ခဲ့သည့် ဗိုလ်မှူးချုပ် သန်းထွန်း(ငြိမ်း)က အတွေ့အကြုံကို ရှင်းပြသည်။

နှစ်(၄၀)ကျော်ကြာ ကန်တော်ကြီးနှင့် အင်းလျား ရေလှောင်ကန် များသည် နုန်းများ၊ ရေမှော်၊ ရေညှိများဖြစ် ထွန်းနေမှုကို ပြန်လည်သန့်ရှင်း ကြည်လင်စေရန်၊မန္တလေးကျုံးတော်အတွင်းမှ ရေများစုပ်၍ ကျုံးအတွင်း သို့ ပြန်သွင်းသည့် ပုံစံကဲ့သို့ ဆောင်ရွက်ရန် အစီအစဉ်ရှိခဲ့သော်လည်း မြို့ ရေပေးဝေရေးကို ဦးစားပေးဆောင်ရွက် နေရ၍ နောင်တွင် ဆောင်ရွက် နိုင်သည့်အချိန်၌ ယင်းလုပ်ငန်းပေါ်ထွန်းလာရန်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - စောသိန်းဝင်း