နေပြည်တော် မေ ၁၆
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၅ ရက်နှင့် မေ ၁၆ ရက်တို့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီး အကဲများ၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲ ရေးဦးစီးဌာနမှ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းညွှန်ကြားရေးမှူး များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ဓာတ်အားပေး စက်ရုံမှူးများ၊ ရန်ကုန်နှင့် မန္တလေး လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းတို့မှ ခေတ္တဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိ ချုပ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ပြည်သူများ၏ အဓိကလိုအပ်ချက် ဖြစ်သော လျှပ်စစ် ဓာတ်အားကို ပြည့်ဝစွာထုတ်လုပ်ပို့လွှတ်/ဖြန့်ဖြူးပေးနိုင်ရန် တက်ညီလက် ညီဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြီးခဲ့သောကာလများ၌ မည်သို့သောအခြေအနေဖြစ်နေ စေကာမူ ပြည်သူလူထုအတွက် လျှပ်စစ်မီး မပြတ် တောက်စေရေး အကောင်းဆုံး ဝန်ဆောင်မှု ပေးခဲ့ခြင်းအပေါ် ပြည်သူလူထုမှ အသိအမှတ်ပြုပြီးဖြစ်၍ ၎င်းအစဉ် အလာကို ဆက်လက်ထိန်း သိမ်းပြီး တိုးတက်ကောင်းမွန်အောင်ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ ထို့အပြင် ယခုကာလ တွင် ပြည်သူလိုအပ်နေသော ဓာတ်အား လိုအပ်ချက်ကို ပြည့်စုံလုံလောက်အောင် စီစဉ်နေ သကဲ့သို့ လာမည့်နှစ်များတွင် လိုအပ်လာမည့် ဓာတ်အားလိုအပ်ချက်များကိုလည်း အချိန်မီ ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း။
ဝန်ကြီးဌာနအနေဖြင့် လုံခြုံစိတ်ချ၍ တည်ငြိမ်သော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် အတွက် ရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံးစက်ရုံ၊ LNG သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ စသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံအသီးသီးမှ Generation Mix တွင် အရင်းအမြစ်မျိုးစုံ ပါဝင် ထုတ်လုပ် နိုင်ရေးတို့ကို ဟန်ချက်ညီညီကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ နှစ်စဉ်ထပ်မံ လိုအပ်လာမည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သဘာဝ အရင်းအမြစ်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းများ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံ ကိန်းများနှင့် ပြန်ပြည့်မြဲ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများတို့မှ အသီးသီး ထုတ်လုပ် နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက် ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားသုံးစွဲနိုင်ရေး ရည်မှန်းချက်နှင့်အညီ စီမံဆောင်ရွက်လျက်ရှိသော စီမံကိန်းများအပြင် နှစ်စဉ်တိုးတက်သုံးစွဲနေသော လျှပ်စစ် ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရေး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြား သည်။
ထို့နောက် ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ဌာနကြီးမှူးများ၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေး နှင့်ကွပ်ကဲရေးဦးစီးဌာနမှ စီမံကိန်းညွှန်ကြားရေးမှူးများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းမှ ဓာတ်အားပေးစက်ရုံမှူးများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ် အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် တတိယနှင့် စတုတ္ထသုံးလပတ်တို့တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၏ အစီအစဉ်များအား အသီးသီးရှင်းလင်း တင်ပြကြပြီး ဒုတိယဝန်ကြီး ဦးသန့်စင်က တင်ပြမှုများအပေါ် ဖြည့်စွက်ဆွေးနွေးတင်ပြသည်။ ထို့နောက် ဆွေးနွေး မှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)