ယခုအခါတွင် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန် CDM ပြုလုပ်မှုများ ကြောင့် ပြည်သူလူထု ထိခိုက်နစ်နာမှု ကြီးကြီးမားမားဖြစ်ခဲ့သောလုပ်ငန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများလည်း ပါဝင်ပေသည်။ CDM ပြုလုပ်မှုများ တွင် ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းပါဝင်ခဲ့မှုများကြောင့် မကျန်းမာသော ပြည်သူများ အားကိုးရာမဲ့ဖြစ်ခဲ့ကြသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရက ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း များကို မြှင့်တင်အားပေးကာ တပ်မတော်ဆေးဝန်ထမ်းများ၏ကူညီဆောင်ရွက်ပေးမှုဖြင့် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိသည်။ တပ်မတော်အနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသည့်အနက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေးအဖွဲ့များ ဖွဲ့စည်း၍ ဒေသခံပြည်သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ လိုအပ်သည့်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန်လိုအပ် သောလူနာများအားခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရန်လိုအပ်သောလူနာများအား ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ပြည်သူလူထုအား နေ့ညမပြတ် ကုသပေးလျက်ရှိရာ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ယနေ့အထိ ပြင်ပ လူနာပေါင်း နှစ်သိန်းကျော်နှင့် အတွင်းလူနာပေါင်း ခြောက်သောင်းကျော်ကို ကုသ ပေးခဲ့သည်။ ၎င်းတို့တွင် အကြီးစားခွဲစိတ်ကုသရန် လိုအပ်သောလူနာ တစ်သောင်း ခန့်နှင့် အသေးစားခွဲစိတ်ကုသရန်လိုအပ်သောလူနာငါးထောင်ခန့်ကို ခွဲစိတ်ကုသ ပေးခဲ့သည်။ ထို့အပြင် ကလေးမီးဖွားလူနာ ငါးထောင်ခန့်နှင့် ပုံမှန်မီးဖွားလူနာ ခုနစ်ထောင်ကျော်ကို မွေးဖွားပေးနိုင်ခဲ့ရာ ယနေ့အထိ ကလေးသူငယ်တစ်သောင်း ကျော်ကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့သည်။
ယင်းတို့သည် တပ်မတော်က အခြေခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက် ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်လူနာများမှာ ငွေကြေးတတ်နိုင်ကြသဖြင့် ပြင်ပပုဂ္ဂလိက ကျန်းမာရေးကဏ္ဍတွင် ဆေးကုသလျက်ရှိကြသည်။ CDM ပြုလုပ်သောကြောင့် ကျန်းမာရေးကဏ္ဍ၌ လတ်တလောတွင် အခက်အခဲများရှိသော်လည်း တပ်မတော် နှင့်ပုဂ္ဂလိကကဏ္ဍ ဟန်ချက်ညီကုသပေးနိုင်မှုကြောင့် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုမှာ အဆင်ပြေလျက်ရှိသည်။ ကျန်းမာရေးအချက်အလက်များအရ မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများ၌ ပဉ္စမမြောက် လူဦးရေအများဆုံးနိုင်ငံ ဖြစ်သည်။ ယမန်နှစ်က အိမ်နီးချင်းနိုင်ငံများသို့ ဆေးကုသသွား ကြသည့်လူဦးရေမှာ နေ့စဉ်လူ ၅၀၀ ခန့်ရှိသည်။ ပြည်ပသို့ဆေးကုသမှု တစ်နှစ်ထက်တစ်နှစ် များပြား လာခဲ့ရာ ထိုင်းနိုင်ငံ၌ အများဆုံးကုသကြသည်။
မြန်မာနိုင်ငံတွင် အများပြည်သူဆေးရုံ ၁၁၁၅ ရုံရှိပြီး ပုဂ္ဂလိကဆေးရုံ ၁၈၇ ရုံရှိသည်။ တစ်နိုင်ငံလုံးအ တိုင်းအတာအားဖြင့် ဆေးရုံခုတင်ပေါင်း ခြောက်သောင်းကျော်ရှိရာ စစ်တမ်းများအရ လူနာစုစုပေါင်း၏၇၂ ရာခိုင်နှုန်းသည် ပြင်ပပုဂ္ဂလိက ဆေးရုံများတွင် ကုသမှုခံယူကြသည်။ မြန်မာနိုင်ငံ၏ ပြည်သူလူထုကျန်းမာရေးကို ဖော်ပြပါအချက်များဖြင့် ဆန်းစစ်ကြည့်လျှင် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍကို မြှင့်တင် အားပေးရန် လိုအပ်သည်ကို တွေ့ရသဖြင့် မကြာသေးမီက ၂၄ နာရီကာလပတ်လုံး နိုင်ငံတကာအဆင့်မီ မိခင်နှင့် ကလေးဆေးရုံကြီးတစ်ရုံကို ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ငွေကြေး တတ်နိုင်သူ ပြည်သူများမှာ ပြင်ပနှင့်ပုဂ္ဂလိကကျန်းမာရေးကဏ္ဍအား အဓိကအားထားကြသည်ကို တွေ့ရပြီး ငွေကြေးမတတ်နိုင်သော ပြည်သူများမှာ ပြည်သူ့ဆေးရုံများအား အားကိုးကြသည်ကို တွေ့ရမည် ဖြစ်သည်။
ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် အခြေခံပြည်သူများ အားကိုးအားထားရာ ပြည်သူ့ဆေးရုံကြီးများတွင် အခြေခံပြည်သူများကို မထောက်ထားဘဲ ဆရာဝန်၊ သူနာပြုများက CDM ပြုလုပ်ခဲ့ကြသောကြောင့် ပြည်သူများ အခက် အခဲဖြစ်နေကြ သည်မှာ အမှန်ဖြစ်သည်။ လတ်တလောတွင် ပြည်သူ့ဆေးရုံများ ပြန်လည်ဖွင့်လှစ် နိုင်အောင်ကြိုး ပမ်းဆောင်ရွက်ခဲ့ကြသော်လည်းဆရာဝန်၊သူနာပြု အခက်အခဲကြောင့် ပြည်သူတို့အား အတတ်နိုင်ဆုံးသာ ကုသမှုပေးနေရသည်။ ရေရှည်အတွက် ပြည်သူ့ ဆေးရုံများ ပြန်လည်ထူ ထောင်ဦးမော့ လာစေရေးအတွက် ကျန်းမာရေးကျင့်ဝတ်များကို လေးစားလိုက်နာပြီး နိုင်ငံနှင့် ပြည်သူများ အပေါ်တွင် စစ်မှန်သောစေတနာဖြင့် သစ္စာရှိစွာ ထမ်းဆောင်နိုင်ကြမည့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကို အလျင် အမြန် မွေးထုတ်ပေးရဦးမည် ဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရေးလုပ်ငန်းသည် အလွန်မွန်မြတ်သောလုပ်ငန်းဖြစ်၍ မျိုးဆက်သစ်များအနေဖြင့် ဆေးပညာဖြင့် ပြည်သူလူထုအား အလုပ်အကျွေးပြုနိုင်ရန် ရိုးသားကြိုးစားသော၊ မွန်မြတ်သော စိတ်ထား ရည်ရွယ်ချက်များကို ခိုင်မြဲစွာစိုက်ထူကာ ဆက်လက်ကြိုးပမ်းကြရမည် ဖြစ်သည်။ လတ်တလောတွင် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍနှင့်တပ်မတော်ဆေးဝန်ထမ်း ကဏ္ဍတို့က ပြည်သူလူထုအား ဟန်ချက်ညီစွာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက် ရှိပါကြောင်း။