Skip to main content

သတ္တိနှင့်ဗျတ္တိ ရှိသင့်သည့်နေရာ

ဆင်းရဲနွမ်းပါးမှုဟူသည် ဘဝအရည်အသွေးနိမ့်ကျမှုပင်ဖြစ်သည်။ ဆင်းရဲနွမ်းပါးသော မိသားစုများတွင် စားဝတ်နေရေး အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်စွမ်း နိမ့်ကျခြင်း၊ ပညာသင်ကြားမှုနှင့် ကျန်းမာရေး ကုသမှုတို့ပြုလုပ်ရန်ခက်ခဲခြင်းတို့ကြောင့် နောက်ဆက် တွဲဖြစ်ပေါ်လာသည့် လူမှုဒုက္ခများကိုလည်း နေ့စဉ်ရင် ဆိုင်ကြရ သည်။ ဆင်းရဲခြင်း၊ ပညာရည်နိမ့်ကျခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းတို့ ကရွတ်ကင်းလျှောက် သံသရာလည်သောအခါ ရုန်းထွက်ရန် ခက်ခဲ လာသည်။ အဆိုးဆုံးမှာ ဆင်းရဲနွမ်းပါးခြင်းနှင့် နေသားကျသွားကာ ယင်းအခြေအနေမှ ရုန်းထွက်ရန် မကြိုးစားတော့ဘဲ ညှိ၍နေသွား ကြခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၀၄-၂၀၀၅ ခုနှစ် တွင် ၄၈ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၀၉-၂၀၁၀ ခုနှစ်တွင် ၄၂ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက်တွင် လျှော့ချနိုင်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် ဆင်းရဲမှု နှုန်း ၃၂ ဒသမ ၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ အင်န်အယ်လ်ဒီ အစိုးရလက်ထက်တွင်မူ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ဆောင် ရွက်ချက်များကို ပီပီပြင်ပြင် မတွေ့ရှိခဲ့ရဘဲ အစိုးရသက်တမ်း နောက်ဆုံးနှစ်ကာလတွင် ရွေးကောက်ပွဲအတွက် လုံးပန်းနေခြင်းနှင့် ကိုဗစ်-၁၉ကပ်ရောဂါ ကူးစက်ပျံ့နှံ့လာခြင်းတို့ ကြုံတွေ့လာရခြင်း စသည့် အကြောင်းတရားတို့က နိုင်ငံ၏စီးပွားရေးကို ထိခိုက်ကျဆင်း စေပြီး အကျိုးဆက်အားဖြင့် ဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်း ကိန်းဂဏန်း တို့ကို မြင့်တက်လာစေလိမ့်မည်ဟု ခန့်မှန်းကြည့်နိုင်သည်။
နိုင်ငံတစ်နိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု ကိန်းဂဏန်းများ မြင့်တက် နေပြီဆိုလျှင် ယင်း၏အဓိကလက်သည်မှာ လူတို့ကြောင့်ပင်ဖြစ် သည်။ လူတို့ကြောင့်ဟုဆိုရာတွင် ယင်းနိုင်ငံကို ဦးဆောင်သည့် အစိုးရကြောင့်ရောယင်း နိုင်ငံ၏လူ့အဖွဲ့အစည်းများကြောင့် ပါဝင် သည်။ အစိုးရ၏ စွမ်းဆောင်ရည်ညံ့ဖျင်းမှု၊ မူဝါဒများ လွဲမှားမှုတို့ ကြောင့် ဖြစ်နိုင်သလို လူ့အဖွဲ့အစည်း၏ ပူးပေါင်းပါဝင်မှုအားနည်းမှု၊ ရုန်းကန်လိုစိတ်မရှိမှု၊ လူ့စွမ်းအားအရင်း အမြစ်ချို့တဲ့မှု တို့ကြောင့် လည်း ဖြစ်နိုင်သည်။ သို့မဟုတ် အဆိုပါ အကြောင်းတရားနှစ်ရပ်လုံး ကြောင့်လည်း ဖြစ်နိုင်သည်။
မိမိတို့နိုင်ငံတွင် နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းရှိသော ကျေးလက်ဒေသများ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်နိုင် မှသာ နိုင်ငံလည်း ဆင်းရဲသည့်နိုင်ငံတစ်နိုင်ငံအဖြစ်မှ ထွက်နိုင်မည်ဖြစ်သည်။ ကျေးလက်ဒေသရှိ အလုပ်လုပ်နိုင် သည့် အရွယ်ကောင်းများ လုံ့လ ဝီရိယဖြင့် အလုပ်လုပ်နေဖို့လိုသည်။ ကျေးလက်ရှိ ပညာသင်အရွယ် ကျောင်းသူ ကျောင်းသားများ ပညာကိုကောင်းစွာ သင်ယူနေဖို့လို သည်။ ကျေးလက်ရှိပြည်သူများ အကြံဉာဏ်ဖြင့် မိမိကျေးရွာကို ဖွံ့ဖြိုးတိုးတက်အောင်မြှင့်တင်ရင်း မိမိတို့၏လူမှုဘဝများပါ မြင့်မား လာအောင် အားထုတ်နေဖို့လို သည်။ ကျေးလက်နေပြည်သူများ စည်းလုံးညီညွတ်စွာဖြင့် စိုက်ပျိုး၊ မွေးမြူ၊ ကုန်ထုတ်လုပ်ငန်းများကို ကြီးပွား တိုးတက်အောင် စွမ်းဆောင်ကြဖို့လိုသည်။ မိမိတို့၏ လယ်ယာကုန်ထုတ်လုပ်မှုများ အရည်အသွေးနိမ့် ကျနေခြင်းတို့ကို မြင့်တက်လာအောင် နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်အောင် ပြုပြင်နိုင်ကြဖို့လိုသည်။
မိမိတို့နိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သည်။ ပါတီစုံဒီမိုကရေစီ ဖြစ်သည့်အလျောက် နိုင်ငံရေးပါတီများစွာတို့ က၎င်းတို့၏ အတွေး အခေါ်၊ အယူအဆများ၊ မူဝါဒများကို စွဲကိုင်၍ ကျေးလက်လူထုအတွင်း ထိုးဖောက်စည်း ရုံးမှုများ ပြုကြမည်သာဖြစ်သည်။ ယင်းမှာ ဒီမိုကရေစီ နိုင်ငံတစ်ခု၏ လက္ခဏာဖြစ်သော်လည်း နိုင်ငံပျက်စီးရေး၊ ရပ်ရွာ အေးချမ်းသာယာမှုပျက်စီးရေး၊ တရားဥပဒေစိုးမိုးမှုပျက်စီးရေးတို့ အတွက် သွေးထိုးမှု၊ လှုံ့ဆော်မှု၊ မြှောက်ပင့်မှု၊ ရန်တိုက်မှုတို့ကိုမူ ဆင်ခြင်တုံတရားဖြင့် စဉ်းစားကာလက်မခံကြဖို့လိုသည်။ နားမယောင် ကြဖို့လိုသည်။ အာဏာနိုင်ငံရေးသမားတို့၏ အသုံးချခံမဖြစ်ရေး ရှောင်ရှားကြဖို့လိုသည်။ မိမိတို့၏ လက်ရုံးရည်၊ နှလုံးရည်စွမ်းအား တို့ကို မိမိတို့၏ မိသားစုများ ပြည့်စုံကြွယ်ဝရေး၊ ရပ်ရွာအေးချမ်း သာယာဖွံ့ဖြိုးရေး၊ ဒေသတိုး တက်ကောင်းမွန်ရေးနှင့် နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ရေးတို့အတွက် အားကုန်ထုတ်ကြိုးပမ်းစွမ်း ဆောင် မှုတွင် အသုံးပြုကြပါစေလိုကြောင်း။