ရန်ကုန် မေ ၁၃
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မြနန္ဒာလမ်းပေါ်ရှိ နိုင်ငံ့ဝန်ထမ်းများ အတွက် ရည်ရွယ်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ တည်ဆောက်ခဲ့သော မြနန္ဒာနိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာကို ယခုအခါ ဝန်ကြီးဌာန အသီးသီး အမှုထမ်း၊ အရာထမ်းများမှ မိမိဌာနအကြီးအကဲ ထောက်ခံမှုဖြင့် အငှား နေထိုင်ခွင့်ကို စတင်လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
“နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာနဲ့ ပတ်သက်လို့ပြောရရင် အဓိက ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လက်ရှိ တာဝန်ထမ်းဆောင်နေသူဖြစ်ရမယ်။ ရန်ကုန် သက်ဆိုင်ရာ ဝန်ကြီးဌာနတစ်ခုခုမှာ အလုပ်တာဝန် ထမ်းဆောင်နေသူ အိုးပိုင်အိမ်ပိုင် မရှိသူပေါ့။ အငြိမ်းစားယူထားတဲ့ ဝန်ထမ်းတွေတော့ လျှောက်လို့မရဘူး။ ခွင့်ပြုတဲ့အခါမှာလည်း ဝန်ကြီးဌာန အသီးသီးရဲ့ လျှောက်ထားမှုအပေါ် မူတည်ပြီးများရင်လည်း များသလို အချိုးကျစနစ်နဲ့ နေခွင့်ပေးမှာပါ။ အချိုးကျစနစ်ပေမယ့် လိုအပ်မှုအပေါ် မူတည်ပြီး အဖွဲ့နဲ့ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ အရာထမ်း
ရော အမှုထမ်းတွေပါ လျှောက်လို့ရပြီး အငြိမ်းစားဝန်ထမ်းတွေတော့ လျှောက်လို့မရပါဘူး။ အမှန်တကယ် ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို နေထိုင်ခွင့်ပြုပေးမှာ ဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။
ယခုလျှောက်ထားနိုင်မည့် နိုင်ငံ့ဝန်ထမ်း အငှား အိမ်ရာစီမံကိန်းတွင် ရှစ်ခန်းတွဲ ငါးထပ်တိုက် ၁၄ လုံး၏ အခန်းတစ်ခန်းချင်းစီ အကျယ်မှာ ဧရိယာ ၄၃၆ စတုရန်းပေရှိပြီး အခန်းပေါင်း ၄၄၈ ခန်းရှိကာ ယင်းအခန်းများကို အမှုထမ်းများအတွက် ရည်ရွယ် အငှားချထားမည်ဖြစ်သည်။ ဒုတိယညွှန်ကြားရေးမှူးနှင့်အထက် အငှားအိမ်ရာ လျှောက်ထားသူများကို ဧရိယာ ၉၄၀ စတုရန်းပေရှိအခန်း ၂၈ ခန်းကို ငှားရမ်းမည်ဖြစ်ကာ အရာထမ်းများအနေဖြင့် မူရင်း လစာ၏ ၅ ရာခိုင်နှုန်းကို လစဉ်ပေးသွင်းရမည်ဖြစ်ပြီး အမှုထမ်းများအနေဖြင့် မူရင်းလစာ၏ ၃ ရာခိုင်နှုန်းကို လစဉ်ပေးဆောင်ရမည်ဖြစ်သည်။ အိမ်ရာပြင်ဆင် ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ မြို့ပြနှင့် ဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး အတွင်းရှိ ဌာနဆိုင်ရာအသီးသီးသို့ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ လျှောက်ထားနိုင်မည့် အကြောင်းစာများ ပေးပို့ထားပြီဖြစ်ရာ လာမည့် မေ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ လျှောက်ထားမည့် ဝန်ထမ်းများအနေဖြင့် တိုက်ရိုက် လျှောက်ထားနိုင်မည်ဖြစ်သည်။ ယင်းအိမ်ရာတွင် အငှားနေထိုင်ခွင့်ရရှိမည့် ဝန်ထမ်းများအား လာမည့် ဇွန်လဆန်းပိုင်းမှ စတင်၍ အခန်းအငှားချထားမှု လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းလျက်ရှိသော နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ တည်ဆောက်ခဲ့ကာ အိမ်ရာဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။
မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ- မင်းထက်