Skip to main content

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိ

နေပြည်တော်၊ မေ ၁၃

 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား  ဆက်လက် ဖော်ထုတ်သိမ်းဆည်းလျက်ရှိရာ   မေ ၁၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ သရက်ကုန်းကျေးရွာနေ စံထူး (၄၂)နှစ် (ဘ)ဦးအေးမောင်ကို အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် လည်းကောင်း၊ ညနေ ၆ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့၊ သစ်ရာမြိုင် ရပ်ကွက်နေ ဇော်ဇော်အောင် (၁၉)နှစ် (ဘ)ဦးတင်စိုးကို လက်လုပ်သေနတ် ၁ လက်၊ ဆက်စပ် ပစ္စည်းများနှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 

ထို့အပြင် ညနေ ၆ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ကျောက်နီမော် ကျေးရွာနေ လွင်ပိုင်စိုး(ခ) ပန်းမော် (၂၁)နှစ် (ဘ)ဦးသောင်းကြည်သည် လက်လုပ်သေနတ် ကိုင်ဆောင်ကာ ကျေးရွာအတွင်း ဆူပူအော်ဟစ်နေကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လွင်ပိုင်စိုး(ခ)ပန်းမော် ကို ၎င်း၏နေအိမ်၌ လက်လုပ် ဂက်စ်သေနတ် ၁ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

အလားတူ ညနေ ၆ နာရီခွဲတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တရားရုံး၏ အမှုမှ တရားခံပြေး ဖြစ်သူ ရေးမြို့နယ်၊ ဟံဂံကျေးရွာနေ နိုင်ဟံသာ(ခ)ချစ်စိုး(ခ)အရွတ် (၅၆)နှစ်သည် ဝဲရတ်ကျေးရွာ၌ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ရေး သွားရောက်ခဲ့ရာ ၎င်းနှင့်အတူ တစ်ရွာတည်းနေ နေလင်းဦး(၁၇)နှစ် (ဘ)ဦးခိုင် တို့ ၂ ဦးကို ဝဲရက်ကျေးရွာလမ်းပေါ်၌ 4K/8960 4 Wheel Tiger ယာဉ်နှင့်အတူဖမ်းဆီးရမိခဲ့ပြီး ယာဉ်၏ နောက်ခန်းအတွင်းရှိ ဘေးလွယ်အိတ်အတွင်းမှ အမေရိကန်နိုင်ငံထုတ် 9 mm ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ 9 mmကျည် ၂၉ တောင့်နှင့် 91 လက်ပစ်ဗုံး ၁ လုံး(စနက်တံပါ) တို့အား သိမ်းဆည်းရမိခဲ့သည်။

 

ထို့အတူ ည ၇ နာရီ မိနစ် ၅၀ တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များ သည် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက် နေစဉ်အမှတ်(၃)ရပ်ကွက်၊ မြိုင်-ပခုက္ကူကားလမ်းပေါ်တွင် အဆိုပါ ရပ်ကွက်နေ ပိုင်ဦး(၃၀)နှစ် (ဘ)ဦးကောင်း ပါ အမျိုးသား ၃ ဦး စီးနင်းလာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းတို့ ၃ ဦးထံမှ လက်လုပ် လေသေနတ် ၁ လက်နှင့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ မွန်းတည့် ၁၂ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော် (မ)ကျေးရွာနှင့် တူးချောင်းကျေးရွာကြား တိုးမြစ်ကမ်းဘေးရှိ ရေမြောင်းအတွင်းမှ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်သေနတ် ၁ လက်နှင့် ဆက်စပ် ပစ္စည်းများအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

 

အလားတူ မွန်းလွဲ ၁ နာရီခန့်တွင် ကယားပြည်နယ်၊ ဖရူဆိုမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးရှေ့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မော်ချီး-လွိုင်ကော် ကားလမ်းအတိုင်း လမ်းလျှောက်လာသော ခေါလေ ကျေးရွာနေ ကားရ်လို(ခ)ခေါလီ(ခ)နဲ့နယ်(၂၀)နှစ် (ဘ)ဦးမီကေးလယ်နှင့် ဘေဘူခေါကျေးရွာနေ လှမောင်(ခ) ကျော်လှမေ(၂၀)နှစ် (ဘ)ဦးအန်တောညိုတို့ကို စစ်ဆေးရာ ကားရ်လို (ခ)ခေါလီ (ခ)နဲ့နယ် လွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ ဒီတိုနေတာ ၁၅ ချောင်းနှင့် ဆက်စပ်ပစ္စည်း များအား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

 

အထက်ပါ ဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူကို ဥပဒေနှင့်အညီ ဖော်ထုတ် အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)