နေပြည်တော်၊ မေ ၁၃
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ မေ ၁၃ ရက်တွင် အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီး၍ မော်တော်ယာဉ် ၁ စီးမီးလောင်ပျက်စီးကာ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်တို့ သေဆုံး ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၃ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ဆောမြို့နယ်၊ သစ်တောစခန်းအနီး ဆိပ်ဖြူ-ကဇွန်းမ-ဆောသွားကားလမ်း မိုင်တိုင်အမှတ် ၅၁ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားတွင် အကြမ်းဖက်သူများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မော်တော်ယာဉ် ၁ စီး မီးလောင် ကျွမ်းလျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးရာ ဆိပ်ဖြူမြို့မှ ဆောမြို့ဘက်သို့ ဘိလပ်မြေအိတ်များ တင်ဆောင်မောင်းနှင်လာသည့် ၆ ဘီးယာဉ်၏ ကားခေါင်းပိုင်း မီးလောင်ကျွမ်းကာ ယာဉ်မောင်းဖြစ်သူ ဆိပ်ဖြူမြို့နယ်၊ အနောက်ပိုင်းရပ်ကွက်နေ ဦးဖိုးချို(စိစစ်ဆဲ)သည် မီးလောင်ကျွမ်းသေဆုံးနေသည် ကိုတွေ့ရှိရပြီး ကားရှေ့ဘီးဘေး မြေပြင်ပေါ်၌ ယာဉ်နောက် လိုက်ဖြစ်သူ ဦးထွန်းလွင်စိုး(စိစစ်ဆဲ)သည် ဦးခေါင်းနောက်စေ့ပေါက်ပြဲကြေမွဒဏ်ရာ၊ ဦးနှောက်ထွက်၊ ခန္ဓာကိုယ် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။
အထက်ပါဖြစ်စဉ်တွင် မော်တော်ယာဉ်အား မီးရှို့ဖျက်ဆီးကာ ယာဉ်မောင်းနှင် ယာဉ်နောက် လိုက်တို့အား ရက်စက်စွာသတ်ဖြတ်ခဲ့သူ အကြမ်းဖက်သများကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များကဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)