Skip to main content

တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာနှစ်သိန်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော် မေ ၁၃

တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအနက် ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသ ရေးအဖွဲ့များ စုစည်း၍ ဒေသခံပြည်သူလူထုအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေး များ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း နှင့် ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သောလူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိ

ထို့အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာ ရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးနိုင်ရန် အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၀၁၇၆၂ ဦးနှင့် အတွင်းလူနာပေါင်း ၆၁၉၉၀ တို့ကို ကုသ ပေးနိုင်ခဲ့သည်။

 

၎င်းလူနာများအနက် အကြီးစားခွဲစိတ်ကုသရန် လိုအပ်သူ ၉၃၈၅ ဦး၊ အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၄၇၉၄ ဦး စုစုပေါင်း ၁၄၁၇၉ ဦးတို့ကို ခွဲစိတ်ကုသ ပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေး လျက်ရှိသည်။

ပူးပေါင်းဆောင်ရွက်သွားမည်

ထို့အပြင် ကလေးမီးဖွားလူနာ ၄၈၅၀ ကို ခွဲစိတ်၍လည်းကောင်း၊ ၇၂၀၃ ဦးကို သာမန်ဖြင့် လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၁၂၀၅၃ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။ ဆက်လက်၍လည်း တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး ကဏ္ဍမြင့်မားရန်အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ ။

စားသောက်ဖွယ်ရာများ ပေးအပ်

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား မေ ၁၂ ရက်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက လည်းကောင်း၊ ကရင်ပြည်နယ် သံတောင်ကြီးမြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များက လည်းကောင်း သွားရောက်ကြည့်ရှု၍ တစ်ဦးချင်းစီ၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေအနေများကို မေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်