Skip to main content

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် သီလရှင်သင်ပညာရေးကျောင်းများ၌ သင်္ကန်း၊ လှူဖွယ်ဝတ္ထုနှင့် သီလရှင်ဝတ်စုံများလှူဒါန်း

နေပြည်တော် မေ ၁၃

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် မေ ၁၁ ရက်တွင် နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ကျောက်စရစ်ကုန်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ရွှေမြို့ကြီး ဂိုဏ်းထောက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ အဝါရောင် မျိုးဆက်သစ် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းနှင့် ပြင်ကြီးသာသနာ့ဝေပုလ္လ သီလရှင်သင် ပညာရေးကျောင်းများသို့လည်းကောင်း၊ မေလ ၁၂ ရက်တွင် ပျဉ်းမနားမြို့နယ်ရှိ ရတနာမှန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ စက်ရုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပန်းပဲစုဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ဇေယျာသီရိမြို့နယ်ရှိ ရွှေကြာပျိုးခင်း ဘုန်းတော်ကြီး သင်ပညာရေးကျောင်းသို့လည်းကောင်း၊ မေလ ၁၃ ရက်တွင် ဒက္ခိဏသီရိမြို့နယ်ရှိ သီရိမင်္ဂလာ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၊ လယ်ဝေးမြို့နယ်ရှိ ပုဏ္ဏမီဂုဏ်ဝေသီလရှင် သင်ပညာရေးကျောင်း၊ အောင်ချမ်းသာသီလရှင်သင် ပညာရေးကျောင်းနှင့် သံလမ်း(၂) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့လည်းကောင်း သွားရောက်၍ ကျောင်းအုပ်ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများလျှောက်ထားသည်။

ထို့သို့ လျှောက်ထားရာတွင် မေ ၁၀ ရက်တွင်ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၁၀/၂၀၂၁)၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများသည် မြန်မာ့ပညာရေးစနစ်အတွက် ခေတ်အဆက်ဆက်များစွာ အထောက်အကူပြုခဲ့ကြောင်းနှင့်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အဆင်ပြေစွာ ပညာသင်ကြား နိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ထည့်သွင်းပြောကြားခဲ့ကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အသစ်လျှောက်ထား ခြင်းနှင့် အဆင့်တိုးမြှင့်လျှောက်ထားခြင်းတို့ကို စိစစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အရည်အသွေးမြင့်မားစေရေးနှင့် ဆရာ/ ဆရာမများ အရည်အချင်းပြည့်မီစေရေးတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလယ်တန်းအဆင့်မှ အထက်တန်းအဆင့်သို့ကူးရာတွင်လည်း ပိုင်ပိုင်နိုင်နိုင်အရည်အချင်းရှိရှိ ကူးနိုင်အောင် သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ ဖွင့်လှစ်သည့်အချိန်တွင် ကျောင်းသားများ အခက်အခဲမရှိစေရေး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသားများ အခြေခံပညာကျောင်းများသို့ ကျောင်းပြောင်းသည့်အခါ အာမခံချက်ရရှိရေးတို့ကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျောင်းသားများ အတန်းပညာကို သင်ယူကြသည့်နည်းတူ ဗုဒ္ဓဘာသာကို အခြေခံသော ယဉ်ကျေးမှု သင်တန်းများကိုပါ တက်ရောက်သင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် အခြေခံပညာကျောင်းများဖွင့်လှစ်သည့်အချိန်တွင် ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ပါရန် လျှောက်ထားပြီး ကျောင်းအုပ်ဆရာတော် များနှင့် သီလရှင်ဆရာကြီးများ၏ ဩဝါဒကိုနာယူကာ သင်္ကန်း၊ လှူဖွယ်ဝတ္ထုများနှင့် သီလရှင်ဝတ်စုံများ လှူဒါန်းသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးနှင့်ပတ်သက်၍ ကျောင်းစာသင်ခန်းများ ပြင်ဆင်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာ/ဆရာမများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)