နေပြည်တော် မေ ၁၃ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ ဘဏ္ဍာရေး ဆိုင်ရာစီမံခန့်ခွဲကြီးကြပ်မှုမွမ်းမံသင်တန်းဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ကျင်းပသည်။ သင်တန်းဖွင့်ပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးတွင် ကဏ္ဍအမျိုးအစား ၄ မျိုးခွဲ၍ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲကြီးကြပ်မှုမွမ်းမံသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးနေပါကြောင်း၊ ဘဏ္ဍာရေးနှင့် ပတ်သက်သော အကြောင်းအရာများကို စနစ်တကျသိရှိနားလည် သုံးစွဲနိုင်ရန်နှင့် ကောလိပ်၊ ကျောင်း၊ သိပ္ပံများတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညွှန်ကြားချက်များအတိုင်း အကျိုးရှိရှိ ထိထိရောက်ရောက်ဖြစ်အောင် စနစ်တကျသုံးစွဲနိုင်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ ဘဏ္ဍာရေး အတွေ့အကြုံ ဗဟုသုတများရှိသည့် ဆရာကြီးဆရာမကြီးများ ကိုယ်တိုင် ပို့ချသင်ကြားပေးမည်ဖြစ်ပါကြောင်း၊ သင်တန်းကာလ တိုတောင်းသော်လည်း သေသေချာချာ လေ့လာမှတ်သားပါက အလွန်အကျိုးရှိမည်ဖြစ်ပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနရှိ အခြေခံ ပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ၊ နည်းပညာနှင့် သက်မွေးပညာ ကဏ္ဍများမှ ဆရာ ဆရာမများသည် ဘဏ္ဍာရေးဆိုင်ရာ ဗဟုသုတအားနည်းမှုကြောင့် မလိုအပ်ဘဲ အရေးယူခံရသည်များ မဖြစ်စေရန်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြဿနာ ဖြစ်လာပါက ဖြေရှင်းဆောင် ရွက်ကြရပါကြောင်း၊ မိမိတို့ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွဲဝေရရှိလာသည့် ဘဏ္ဍာငွေ များကို ကျောင်းအုပ်ကြီးများနှင့်တိုင်ပင်၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ သတ်မှတ်အချိန်ကာလအတွင်း သုံးစွဲရန်လိုပါကြောင်း၊ သုံးစွဲပြီးပါကလည်း ဆောင်ရွက်ပြီးစီးမှုကို ကျောင်းအုပ်၊ ဦးစီးဌာန၊ ဝန်ကြီးဌာနစသည်ဖြင့် သတင်းပို့ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းကြရမည်ဖြစ်ပြီး မိမိတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတာဝန်ကျေပွန်ခြင်းသည် မိမိဌာနအတွက် မိမိနိုင်ငံတော် တိုးတက်ရေးအတွက်သာ ဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်ကြားပို့ချသည့် ဘဏ္ဍာရေးဆိုင်ရာများကို နားလည်တတ်ကျွမ်းအောင် ကြိုးစားသင်ယူ၍ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြ စေလိုပါကြောင်း ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပညာရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများဆောင်ရွက်ကြရာတွင် အဓိက လိုက်ပါဆောင်ရွက်ပေးရသည်မှာ ဘဏ္ဍာရေး ကဏ္ဍဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးကဏ္ဍ၏ စနစ်တကျထောက်ပံ့ပေးနိုင်မှုပေါ်မူတည်၍ လုပ်ငန်းများ အဆင့်ဆင့် အောင်မြင်အောင်ဆောင်ရွက်ကြရပါကြောင်း၊ ဘဏ္ဍာရေးကဏ္ဍသည် တစ်ဦးတစ်ယောက်ချင်းမှစ၍ စီမံကိန်းလုပ်ငန်းကြီးများအထိ လုပ်ငန်းများအောင်မြင် ပြီးမြောက်ရေးအတွက် အရေးပါပါကြောင်း၊ မိမိတို့၏ ဘဏ္ဍာရေး တာဝန်ဝတ္တရားများပေါ်တွင် စိတ်စေတနာ ကောင်းများတွဲဖက်၍ အကျိုးရှိထိရောက်စွာ ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။ ဆက်လက်၍ သင်တန်းကို အစီအစဉ်အတိုင်းပို့ချရာ စီမံကိန်းရေးဆွဲခြင်းနှင့် ဘတ်ဂျက်လျာ ထားသုံးစွဲခြင်း(Planning and Budgeting)၊ ဘဏ္ဍာငွေကြေးစီမံခန့်ခွဲမှု (Financial Management)နှင့် ဘဏ္ဍာရေးဆိုင်ရာ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ (Financial Rules and Regulations) ဘာသာရပ်သုံးခုကိုသက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များက မေ (၁၃) ရက်မှ (၁၄)ရက်အထိ သင်တန်းပို့ချသွားမည်ဖြစ်သည်။ အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ သင်တန်းသား စီမံ/ဘဏ္ဍာရေးတာဝန်ခံများ၊ အရာရှိ များနှင့်သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သိရသည်။ (သတင်းစဉ်)