နေပြည်တော် မေ ၁၃ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် မေ ၁၂ နံနက် ၁၁ နာရီတွင် မြိုတိုင်းရင်းသားခေါင်းဆောင် ဦးစံသာအောင်နှင့်အဖွဲ့အား တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိသည် မကြာသေးမီကာလအတွင်းက ဒုတိယဝန်ကြီးနှင့် အတူ ရခိုင်ပြည်နယ်သို့ ခရီးစဉ်သွားရောက်ခဲ့ရာ ခရီးစဉ်တွင် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး စာပေနှင့်ယဉ်ကျေးမှု ကိစ္စရပ်များ၊ တိုင်းရင်းသားဘာသာသင် နေ့စားလပေး (TA/LT) ဆရာ/ဆရာမများ ဆက်လက် ခန့်ထား ပေးနိုင်ရေးနှင့် ပုံပြပုံပြင်စာအုပ်ဆက်လက် ဖြန့်ဝေပေးမည့်ကိစ္စများ၊ တိုင်းရင်းသားစာပေ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါ ကြောင်း၊ တတ်နိုင်သည့်ဖက်မှလည်း စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များကို ထောက်ပံ့ငွေများ ပေးအပ် ခဲ့ပါကြောင်း၊ ယခုလာရောက် ဆွေးနွေးသည့် တာဝန်ရှိသူများအနေဖြင့် မိမိတို့ တိုင်းရင်းသား အရေးနှင့်ပတ်သက်လျှင် အချိန်မရွေး လွတ်လပ်စွာ လာရောက်ဆွေးနွေးနိုင်ပါကြောင်း ပြောကြားသည်။ ယင်းနောက် ရခိုင်မျိုးနွယ်စုဝင် မြိုတိုင်းရင်းသားခေါင်းဆောင် ဦးစံသာအောင်နှင့်အဖွဲ့က မြိုတိုင်းရင်းသားစာပေအား အခြေခံပညာကျောင်းများတွင် တရားဝင် သင်ကြားခွင့်ရရှိနိုင်ရေး၊ တိုင်းရင်းသားဘာသာသင် နေ့စားလပေး ( TA / LT ) ဆရာ/ဆရာမများ ခန့်ထားပေးနိုင်ရေး၊ မြို တိုင်းရင်းသားစာပေကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပြန်လည် ရှင်းလင်း ဆွေးနွေးရာတွင် မြိုတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် တိုင်းရင်းသား စာပေများကို အခြေခံပညာကျောင်းများတွင် တရားဝင် သင်ကြားခွင့်ရရှိနိုင်ရေးအတွက်သည် စာပေ ကိစ္စနှင်ပတ်သက်၍ သက်ဆိုင်ရာ မြိုတိုင်းရင်းသားလူမျိုးစုများ၏ ဘုံသဘောတူစာပေ ရရှိရန် လိုအပ်မည်ဖြစ်ပြီး ၎င်းစာပေကို သက်ဆိုင်ရာ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည် ပြုချက်ရရှိရန်လိုအပ်ပါကြောင်း၊ ထိုအချက်များပြည့်စုံပါကမိမိတို့ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနက ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ပညာရေး ဝန်ကြီးဌာနက တရားဝင်သင်ကြားခွင့် ပြုနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက တရားဝင်သင်ကြား ခွင့်ပြုပြီးပါက တိုင်းရင်းသားဘာသာသင် နေ့စားလပေး TA / LT ဆရာ/ ဆရာမ များကိုလည်း ခန့်ထားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ရခိုင်မျိုးနွယ်စုဝင် မြိုတိုင်းရင်းသားခေါင်းဆောင် ဦးစံသာအောင်နှင့်အဖွဲ့က အထွေထွေဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် မိမိတို့၏ စာပေနှင့်ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအား ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ပါကြောင်း၊ စာပေနှင့်ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါ ပျောက်ကွယ်သွားနိုင်ပါကြောင်း၊ မြိုတိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် ဘုံစာပေ (သို့မဟုတ်) မြိုစာပေခိုင်ခိုင်မာမာ တည်ရှိနိုင်ရန်အတွက် မြိုတိုင်းရင်းသားမျိုးနွယ်စု ညီလာခံခေါ်ယူ ကျင်းပပြီး စာပေယဉ်ကျေးမှုကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းဖြေရှင်းဆောင်ရွက်သင့်ပါကြောင်း၊ မိမိမျိုးနွယ်စု၏ စာပေနှင့်ယဉ်ကျေးမှု ဆိုင်ရာကိစ္စရပ်များကို အခြားတိုင်းရင်းသား မျိုးနွယ်စုများ သော်လည်းကောင်း၊ မိမိတို့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနကသော်လည်းကောင်း ဝင်ရောက်စွက်ဖက် ဆုံးဖြတ်ပေး၍မရပါကြောင်း၊ မြိုတိုင်းရင်းသားများအားလုံး လက်ခံသော စာပေအတည်ဖြစ်ပါက တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ (သတင်းစဉ်)