Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဖော်ထုတ်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနစာတမ်း ဖတ်ပွဲသို့ တက်ရောက်

နေပြည်တော် မေ ၁၃

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ "ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖော်ထုတ် ထိန်းသိမ်းရေးဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ"ကို ယနေ့ နံနက်ပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅)၊ ယဉ်ကျေးမှုရတနာခန်းမ၊ နေပြည်တော်၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် များနှင့် အညီ ကျင်းပသည်။

စာတမ်းဖတ်ပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ(ငြိမ်း) ဦးခင်အောင်မြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ငြိမ်း) ဒေါ်စန္ဒာခင်၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဖိတ်ကြားထားသောပုဂ္ဂိုလ်များ၊ သတင်းမီဒီယာများ၊ စာတမ်းရှင်များ၊ စိတ်ဝင်စား၍ တက်ရောက်သည့် ပုဂ္ဂိုလ်များနှင့် ဌာနမှအရာထမ်း၊ အမှုထမ်းများ တက်ရောက် ခဲ့ကြသည်။

သုတေသနစာတမ်းဖတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ယခုစာတမ်းဖတ်ပွဲသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဖော်ထုတ်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနအရည်အသွေးတိုးတက်ရေးကို ဦးတည်ပြီး စာတမ်းရှင်များက မိမိတို့ကိုယ်တိုင်ပါဝင် သုတေသနပြု၊ ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက် ခဲ့မှုများမှရရှိခဲ့သည့် သုတေသန အကျိုးရလဒ်များကို ရေးသားပြုစုထားသည့် စာတမ်း(၁၃) စောင်ကို ဖတ်ကြားသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လူသားမျိုးနွယ်အစ ဖြစ်ထွန်း တည်ရှိခဲ့မှုကို အခိုင်အမာဖော်ပြနိုင်သည့် ကျောက်ဖြစ်ရုပ်ကြွင်း ပရိုင်းမိတ်များတွေ့ရှိရာ နေရာများစွာ တွေ့မြင်နိုင်သလို ရှည်လျားလှသော သမိုင်းကြောင်းနှင့်အတူ ယဉ်ကျေးမှု အမွေအနှစ်များနှင့် သဘာဝအမွေအနှစ်များ ပေါများလှသည့် နိုင်ငံဖြစ်ကြောင်း။ ခေတ်အဆက်ဆက်သမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင် မိမိတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင်များက ဘုရား၊ ပုထိုး၊ ဂူ၊ ကျောင်းအစရှိသည့် သာသနိက အဆောက်အအုံများ၊ နန်းတော် ဟောင်းများ၊ မြို့တော်ဟောင်းများ၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ ထိတွေ့ကိုင်တွယ် တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များ တည်ဆောက်ပြုလုပ် သုံးစွဲခဲ့ကြသည်ကို မြန်မာနိုင်ငံအနှံ့ အပြားတွင် ယနေ့အထိ တွေ့မြင်နိုင်ပါကြောင်း၊ အလားတူ တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးတမ်းဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များစွာလည်း နိုင်ငံတဝန်း၌ တည်ရှိနေကြောင်း၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ရှေးဟောင်း နေရာဒေသများ၊ ရှေးဟောင်းအဆောက်အအုံများနှင့် တကွ ရှေးဟောင်းဝတ္ထုပစ္စည်းများ၊ ဓလေ့ထုံးတမ်းအစဉ်အလာများကို ထာဝရတည်တံ့စေရန်နှင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ အမျိုးသားအဆင့် မှသည် တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် ကမ္ဘာ့အမွေအနှစ်များအဖြစ် ပြဋ္ဌာန်းသတ်မှတ်ပြီး ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများဆောင် ရွက်လျက်ရှိပါကြောင်း။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်း ရေးဇုန်များ သတ်မှတ်ထိန်းသိမ်းခဲ့ရာ (၄၈)ဇုန်သတ်မှတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ရှေးဟောင်း အဆောက်အအုံများနှင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသများကာကွယ်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဉပဒေရေးဆွဲခြင်းများ ပြဋ္ဌာန်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး ဥပဒေပြဋ္ဌာန်းနိုင်ရန် ရေးဆွဲနေဆဲဖြစ်ပါကြောင်း၊ ယခု စာတမ်းဖတ်ပွဲတွင် ဖတ်မည့်စာတမ်းများသည် ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ မြောက်ဦး၊ အမရပူရခေတ်ဆိုင်ရာကာလများ၏ ရှေးဟောင်းအဆောက်အအုံများ၊ နံရံပန်းချီများ၊ ကျောက်ဆစ် ရုပ်ကြွများ၊ အုတ်ခဲများ၊ ကျောက်စာများ၊ သစ်သားဘုန်းတော်ကြီး ကျောင်းများအား သုတေသနပြုမှု၊ ရေရှည်တည်တံ့ခိုင်မြဲစေရန် စနစ်တကျထိန်းသိမ်းမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ သုတေသန လေ့လာတွေ့ရှိ ချက်စာတမ်းများဖြစ်ကြောင်း၊ ဖတ်ကြားမည့် စာတမ်းရှင်များသည် သုတေသနဆိုင်ရာ၊ ရှေးဟောင်း အဆောက်အအုံနှင့် အနုလက်ရာထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများကို လက်တွေ့လုပ်ငန်းခွင် နယ်ပယ်အသီးသီး တွင် ပါဝင်ဆောင်ရွက်နေကြသူများဖြစ်ပြီး ဒေသအသီးသီး၌ ဆောင်ရွက်ခဲ့မှု၊ နိုင်ငံတကာ နှင့်ပူးပေါင်း ဆောင်ရွက်ခဲ့မှုများမှရရှိလာသည့် သုတေသနပြုချက် များကိုအခြေခံပြီး သမိုင်းမတင်မီခေတ်မှ ယနေ့မျက်မှောက်ခေတ် ကာလအထိ ခေတ်အဆက်ဆက် ယဉ်ကျေးမှု သွင်ပြင်များကို ဖော်ထုတ်သုတေသနပြုပြီးသော အထောက်အထားများကို အခြေခံ ဖတ်ကြား သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ စာတမ်းဖတ်ပွဲကျင်းပခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ လူမှုရေးဦး တည်ချက်တွင် ပါဝင်သော “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်လာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာ များ မပျောက်ပျက်အောင် ထိန်သိမ်း စောင့်ရှောက်ရေး" ကို အလေးပေးဆောင်ရွက်သွားနိုင်မည် ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ မြေပေါ် မြေအောက်ရှိ ယဉ်ကျေးမှုဆိုင်ရာ အထောက်အထား များကို ထိန်းသိမ်းရေးလုပ်ငန်းများ၌ စေတနာပါပါဖြင့် တစိုက်မတ်မတ်ဆောင်ရွက်ပြီး ပြည်သူများ ပူးပေါင်းပါဝင် ထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ် လာနိုင်စေကြောင်း။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ သုတေသနစာတမ်းဖတ်ပွဲ များကို လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖတ်ကြားသည့် စာတမ်းများကို အများပြည်သူများ သိရှိလေ့လာနိုင်ရန်အတွက် ပုံနှိပ်ထုတ်ဝေသွားမည် ဖြစ်ကြောင်း၊ ရှေးဟောင်းအဆောက်အအုံ နှင့် အနုလက်ရာထိန်းသိမ်းရေးဆိုင်ရာနှင့် သုတေသနပိုင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်သည့်အခါ အရှိန် အဟုန်မြင့်မားစွာ ဆောင်ရွက်နိုင်ရန် အတွေ့အကြုံနုနယ်သေးသည့် မျိုးဆက်သစ် လူငယ်များကို အတွေ့အကြုံအသိပညာများ ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်၍ ယခုစာတမ်းဖတ်ပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ နောင်တစ်ချိန်၌ ဆက်လက်တာဝန်ယူဆောင်ရွက်ကြမည့် အရာထမ်း/အမှုထမ်း များအနေဖြင့် တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူလိုမှု စိတ်အပြည့် အဝဖြင့် သုတေသန လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သုတေသနနှင့်ထိန်းသိမ်းရေးဆိုင်ရာ သုတေသန စာတမ်းများသာမက ပြတိုက်နှင့်သက်ဆိုင်သည့် သုတေသနစာတမ်းဖတ်ပွဲများကိုလည်း စဉ်ဆက် မပြတ် ကျင်းပပေးရန်လိုအပ်ကြောင်း၊ ဖတ်ကြားသောစာတမ်းများကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေ ရာတွင် စာတမ်းရှင်များ၏ အတ္ထုပ္ပတ္တိများ၊ မေးမြန်းသူနှင့်မေးမြန်းချက်၊ ဖြေကြားချက်များဖြင့်တကွ ပြည့်စုံစွာထည့်သွင်းဖော်ပြရန်လိုအပ်ကြောင်း မှာကြားသည်။ ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်က စာတမ်းဖတ်ပွဲစီစဉ်ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး အစီအစဉ်အရ စာတမ်းရှင် ဒေါက်တာအေးအေးသင်း ( ညွှန်ကြားရေးမှူး၊ အမျိုးသားပြတိုက်၊ နေပြည်တော်) က A Study on the Bricks of Wadee Ancient Pyu City စာတမ်း၊ ဦးထွန်းထွန်းအေး (လက်ထောက် ညွှန်ကြားရေးမှူး၊ ဟန်လင်းဌာနစု)က “ဟန်လင်းတူးဖော်မှုကုန်းအမှတ် (၃၉)မှ တွေ့ရှိရသော သဲကျောက်ရုပ်ကြွအားထိန်းသိမ်းခြင်းစာတမ်း”တို့ကို ဖတ်ကြားတင်သွင်းပြီး စာတမ်းဖတ်ပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ဖြေကြားသည်။

ညနေပိုင်းတွင် စာတမ်းရှင် ဦးဘုန်းကျော်(ညွှန်ကြားရေးမှူး၊ တောင်ကြီးဌာနခွဲ)က “မြောက်ဦး ခေတ် သဲကျောက်အဆောက်အအုံဆိုင်ရာ ဗိသုကာ၊ အနုပညာနှင့် ထိန်းသိမ်းရေးစာတမ်း”၊ စာတမ်းရှင် ဦးကြည်လင် (လက်ထောက်ညွှန်ကြားရေးမှူး၊ ပုဂံဌာနခွဲ)က “ပုဂံခေတ်ရှေးဟောင်း အဆောက်အအုံများတွင် တန်ဆာဆင်ထားသော နံရံဆေးရေးပန်းချီနှင့် အင်္ဂတေပန်းတော့ အနုလက်ရာများ ထိန်းသိမ်းမှုဆိုင်ရာ သုတေသနစာတမ်း”၊ စာတမ်းရှင်ဒေါ်တင်တင်ဝင်း (ဦးစီးအရာရှိ၊ မန္တလေးဌာနခွဲ)က “ကြေးခေတ်၊ သံခေတ်တူးဖော်မှုမှ တွေ့ရှိရသော အထောက် အထားများအား ပြန်လည်လေ့လာ သုတေသနပြု ထိန်းသိမ်းခြင်းစာတမ်း”နှင့် စာတမ်းရှင် ဒေါ်စုလှိုင်ဌေး(ဦးစီးအရာရှိ၊ မန္တလေးဌာနခွဲ)က “ကုသိုလ်တော်ဘုရားရှိ စကျင်ကျောက် စာချပ်များအား ထိန်းသိမ်းခြင်း စာတမ်း”တို့ကို ဖတ်ကြားပြီးနောက် ပထမနေ့ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သုတေသနစာတမ်းဖတ်ပွဲကို မေ(၁၃) ရက်မှ (၁၄)ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီ ခွဲအထိ နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ ယဉ်ကျေးမှု ရတနာခန်းမတွင် ကျင်းပသွားမည် ဖြစ်ကြောင်း၊ မေ(၁၃)ရက်တွင် စာတမ်း (၆) စောင်နှင့် မေ(၁၄)ရက်တွင် စာတမ်း (၇)စောင် စုစုပေါင်းစာတမ်း (၁၃)စောင် ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)