Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မေ ၁၃

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း ဟိုတယ်နှင့်ခရီးသွား ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်  သွားရောက်စစ်ဆေးသည်။ 

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား မြိတ်မြို့ပေါ်ရှိ ပုလဲသန္တာဟိုတယ်၌ တာဝန်ရှိသူများက ဟိုတယ်ဆိုင်ရာ ကိစ္စရပ်များနှင့် ဧည့်သည်များ ဝန်ဆောင်မှုပေးသည့်အခြေအနေများကို ရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာရန် လိုအပ်ပါကြောင်း၊ လာရောက်တည်းခိုသည့် ခရီးသွားဧည့်သည်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာများကို အထူးအလေးထား လိုက်နာနိုင်ရေး အသိပေးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လက်ရှိကာလ အခြေအနေအရ ခရီးသွားဧည့်သည်များနှင့် ဝန်ထမ်းများ၏ လုံခြုံရေးအတွက်လည်း အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြိတ်မြို့ပေါ်ရှိ သဘာဝငှက်အိမ်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ငှက်သိုက်ထုတ်လုပ်ရေးနှင့် စီးပွားဖြစ်ရောင်းချနေမှုများကို ရှင်းလင်းပြသ သည်။ နှစ်ပေါင်း(၅၀)ကျော်ခန့် ကြာမြင့်ပြီဖြစ် သည့် သဘာဝ ငှက်သိုက် အိမ်သည် မြိတ်မြို့တွင် ဇီဝဇိုးငှက်များ သဘာဝအတိုင်း လာရောက်အသိုက် ပြုလုပ်နေထိုင်သည့် တစ်ခုတည်းသော နေအိမ်ဖြစ်ပြီး ၎င်းအိမ်ကဲ့သို့သော သဘာဝအတိုင်း မဟုတ်ဘဲ ဇီဝဇိုးငှက်အော်သံ အတုဖြင့် မွေးမြူရေးငှက်သိုက် ထုတ်လုပ်သည့်အိမ် များစွာရှိသဖြင့် မြိတ်မြို့သို့ လာရောက်သည့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ သွားရောက်လေ့လာ ကြည့်ရှုနိုင်သည့် ခရီးစဉ်ဒေသ တစ်ခုဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြိတ်မြို့တွင် ၁၉၃၁ခုနှစ်မှ ၁၉၃၄ ခုနှစ်အထိ ၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ကမ္ဘာကျော် အိုင်းရစ်လူမျိုးစာရေးဆရာကြီး Mr.Maurice Collis နေထိုင်ခဲ့သော ကိုလိုနီ Building ကို သွားရောက်ကြည့်ရှုခဲ့ပြီး မြိတ်မြို့တစ်ဖက်ကမ်းရှိ ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု၊ ပထော်ပထက်ကျွန်းပေါ်တွင် တည်ထားကိုးကွယ်သော အတုလရံသီ ရွှေသာလျောင်းဘုရားကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကာ ဘုရားဂေါပက အဖွဲ့ကို အလှူငွေများ ပေးအပ်လှူဒါန်းသည်။

 

အဆိုပါ အတုလရံသီ ရွှေသာလျောင်း ရုပ်ပွားတော်ဘုရားကြီးသည် လျောင်းတော်မူ ဘုရားများ၌ သတ္တမမြောက် အကြီးဆုံးဘုရားတစ်ဆူ ဖြစ်ပြီး ဉာဏ်တော် အလျား (၂၁၆) ပေ၊ အမြင့် (၅၇) ပေရှိကာ ပလ္လင်တော် အလျားမှာ (၂၂၅)ပေရှည်လျားကာ ဘုရားကြီးအတွင်းပိုင်းရှိ အခန်းပေါင်း (၁၄)ခန်းတွင် မုဒြာပုံသဏ္ဍန်မျိုးစုံ ရုပ်ပွားဆင်းတု တော်များ၊ နံရံများတွင် ဘုရားရုပ်ပွားတော် များ နံရံကပ်ပူဇော်ထားရှိပြီး၊ ဘုရားရင်ပြင် ကုန်းတော်ပေါ်မှ ပင်လယ်ပြင် အလှရှုခင်းနှင့် မြိတ်မြို့၏ ကမ်းနားအလှအပများကို ကြည့်ရှုခံစားနိုင်သည့်အတွက် ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည်များ ဆွဲဆောင်နိုင်သော ဘုရားဖူးခရီးစဉ်တစ်ခုဖြစ်ကြောင်း သိရ သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြိတ်မြို့တစ်ဖက်ကမ်းရှိ ခရီးသွားဧည့်သည်များ စိတ်ဝင်စားစွာ လာရောက်လည်ပတ်လေ့ ရှိသည့်ခရီးစဉ်ဒေသ တစ်ခုဖြစ်သော ပထော်ပထက် ကွန်းရှိ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလိမိတက်မှ ဆောင်ရွက်လျက်ရှိသည့် ပုဇွန်သားပေါက် မွေးမြူရေးစခန်း၊ ငါးပုဇွန် တန်တစ်ထောင်အအေးခန်းစက်ရုံ၊ လှေလွန်းကျင်း လုပ်ငန်းနေရာ၊ ပုဇွန်မွေးမြူရေးကန်နှင့် ဂဏန်းပျော့မွေးမြူရေး စခန်းနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ရာ တာဝန်ရှိသူများမှလုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်း ပြသသည်။ အဆိုပါ နေရာများသည် ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည် အများစု စိတ်ဝင်တစား လာရောက် လေ့လာလည်ပတ်လေ့ရှိသည့် ခရီးစဉ်နေရာတစ်ခုဖြစ်သည်။

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ပုလဲမွေးမြူရေး၊ ငှက်သိုက်၊ ငါးပုဇွန်နှင့် ဂဏန်း မွေးမြူရေးလုပ်ငန်းများ၊ အင်္ဂလိပ်ကိုလိုနီခေတ် ဗိသုကာလက်ရာအချို့သာမက သဘာဝ ပင်လယ်ပြင်ကြီးနှင့် လှပသော ကျွန်းများရှိခြင်းကြောင့် ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်များ အထူးစိတ်ဝင်တစား လာရောက်လည်ပတ်လျက်ရှိသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)