နေပြည်တော် မေ ၁၂
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မေလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မရင်းကြီးကျေးရွာနေ စိုးမင်းကျော် (၃၆)နှစ် (ဘ) ဦးစောမောင် နေအိမ်အား သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအား နေအိမ်အတွင်းမှ လက်လုပ် တူမီးသေနတ် နှစ်လက်နှင့်လည်ကောင်း၊ မွန်းလွဲ ၃ နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ ဟိုနားရပ်ကွက်နေ ဟိန်းအောင်ဆက်(၂၀)နှစ်နှင့် ဈေးရပ်ကွက်နေ ရဲသုဝေလင်း (ခ) ရာသာဝေလု (၁၈)နှစ် တို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၄င်းကောင်းတို့၏ပြောကြားချက်အရ ဟိုနား ရပ်ကွက်၊ အမှတ်(ဟ-၁၇/၅၄၅)ရှိ ဆရာစော၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအား မတွေ့ရှိရဘဲ မီးဖိုဆောင် မျက်နှာကျက် ပေါ်မှ M-22 သေနတ် နှစ်လက်၊ ၎င်းကျည်အိမ် နှစ်ခုနှင့် သံဘီရိုအတွင်းမှ ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့် ထည့်ထားသည့် ကြိုးဆွဲ လက်ပစ်ဗုံး လေးလုံး အားလည်းကောင်း၊ ခြံဝင်းအတွင်းရှိ အိမ်သာအနီးမှ M-22 သေနတ် သုံးလက်၊ ၎င်းကျည်အိမ် သုံး ခု၊ ၇.၆၂ ကျည် ၃၁၅ တောင့်အား လည်းကောင်း၊ အိမ်သာကျင်းဟောင်း အတွင်းမှ အဝါရောင်ပီနံအိတ် ဖြင့်ထည့်ထားသော ကြိုးဆွဲ လက်ပစ်ဗုံး ၁၂ လုံးတို့အား လည်းကောင်း ၊ ဟင်္သာတမြို့နယ်၊ ယုနန်သလင်း အခြေခံပညာအထက်တန်းကျောင်းရှေ့၌ မျိုးမင်းပိုင်(ခ)ငမျိုး(ဘ)ဦးဝင်းတင်၊ ငြိမ်းချမ်း(ဘ) ဦးထွန်းမြင့်တို့အား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်ပစ္စည်းများနှင့် လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၈ လမ်းနှင့် ၇၁ လမ်းထောင့်၌ ဆူပူအကြမ်းဖက်သူများ အနက်မှ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၁ ဦးတို့အား လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ မီးပုလင်း ၂ ပုလင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ညနေ ၄ နာရီ ၁၀ မိနစ်ခန့် တွင် ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်း(၉၂၀) ရပ်ကွက်၊ မဉ္ဇူသက္က(၁၄)လမ်း၊ အမှတ်(ဒ/၄၇၀)၌ မြတ်ထူး(ခ)ကိုဇွဲ(ဘ) ဦးဝင်းတင်၊ တေဇာဟိန်း(ခ)ခန့်ညား(ဘ)ဦးမျိုးချစ်၊ အေးချမ်းမင်း(ဘ) ဦးသန်းဇော်နှင့် မင်းသူရထွန်း(ဘ) ဦးအေးဇော်ထွန်းတို့အား ဆူပူအကြမ်းဖက်မှု တွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ည ၁၁ နာရီအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့ရှိ (၃)ရပ်ကွက်၊ ဒေါနတောင်လမ်း ဘောလုံးကွင်းအနီး၌ အိမ်မဲမြို့နယ်၊ တာကော ကျေးရွာနေ ကျော်ဇင်လတ်(၃၆)နှစ် (ဘ)ဦးအုန်းညွန့် မောင်းနှင်ပြီး အိမ်မဲမြို့၊ အထက်ပိုင်း (၁၁)လမ်းနေ တင်ကိုကို(၁၉)နှစ် (ဘ)ဦးသန်းထွေး လိုက်ပါစီးနင်းလာသော ဆိုင်ကယ် အား စစ်ဆေးရန် တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ ငွေရောင်ပစ္စတိုသေနတ် ၁ လက်နှင့် ၉မမကျည် ၁၂ တောင့်တို့အားလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိ ရသည်။
အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ ဖော်ထုတ် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်