ယနေ့သုံးစွဲနေသော စွမ်းအင်လောင်စာဆီများသည် တွင်းထွက်သယံဇာတပစ္စည်းဖြစ်ပြီး နေ့စဉ် ထုတ်ယူသုံးစွဲနေမှုများကြောင့် အနာဂတ်တွင် ကုန်ခန်းသွားဖွယ်ရာရှိသည်။ ယနေ့သုံးစွဲနေကြသော စွမ်းအင်လောင်စာရုပ်ကြွင်းများကြောင့် လက်ရှိကာလတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လျက် ရှိပြီး ရာသီဥတုပြောင်းလဲမှု နောက်ဆက်တွဲ အကျိုးဆက်အဖြစ် သဘာဝဘေးဒဏ်ခံစားရမှုများ ပိုများလာနိုင် သည်။ ထို့ကြောင့် တွင်းထွက်လောင်စာများအစား သဘာဝလောင်စာ စွမ်းအင်များ ထုတ်လုပ်သုံးစွဲနိုင်အောင် တီထွင်နေကြသည်။
စက်မှုဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် လျှပ်စစ်ကားများ ထုတ်လုပ်နိုင်ရေးအတွက် ညှိနှိုင်းစီစဉ် ဆောင်ရွက်နေသည်။ ၂၀၁၉ ခုနှစ်တွင် စက်မှုဝန်ကြီးဌာနက ရေးဆွဲဆောင်ရွက်ခဲ့သည့် မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်းပြီး ဂေဟစနစ်ကို အထောက်အကူပြုသည့်ယာဉ်များနှင့် အစားထိုးလောင်စာသုံးယာဉ်များ တိုးမြှင့် ထုတ်လုပ်ခြင်းကို အားပေးမှုဖြင့် အထူးအခွင့်အရေးပေးရန်ဟု ပါရှိသည်။ ထိုမူဝါဒနှင့်အညီ လျှပ်စစ်မော်တော်ယာဉ်များ ထုတ်လုပ်ရေးကို စတင်စီစဉ်ဆောင်ရွက်ကြတော့မည်ဖြစ်သည်။
ယနေ့သုံးစွဲနေသော မော်တော်ယာဉ်များ၌ ရုပ်ကြွင်းလောင်စာစနစ်များကို တပ်ဆင်အသုံးပြုလျက် ရှိသည်။ သဘာဝသယံဇာတဖြစ်သည့် ရုပ်ကြွင်းလောင်စာများသည် ကမ္ဘာကြီးတွင် ပမာဏ အကန့် အသတ်ရှိပြီး နောင်နှစ်ပေါင်း ၃၀ မှ နှစ်ပေါင်း ၅၀ ကာလအတွင်း ကုန်ခန်းသွားနိုင်သည်ဟု ဘူမိဗေဒ ပညာရှင်များက သုံးသပ်ထားသည်။ ထို့ကြောင့် စွမ်းအင်ဖြိုးခြံချွေတာနိုင်သော အင်ဂျင်စနစ်များ၊ စွမ်းအင်သုံးစွဲမှုကို ရာခိုင်နှုန်းအတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်သော မျိုးစပ်မော်တော်ယာဉ် များကို ကမ္ဘာ့နိုင်ငံအချို့က တီထွင်ထုတ်လုပ် ပြောင်းလဲသုံးစွဲလာ ကြသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ မော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီ ၁၄ ခုရှိ သည့်အနက် လျှပ်စစ် ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုရှိသည်။ အဆိုပါ ကုမ္ပဏီက ထုတ်လုပ်သော လျှပ်စစ်ယာဉ်များ မှာ အိမ်သုံးလူစီးကားငယ် အမျိုးအစားဖြစ်ပြီး အများပြည်သူ ခရီးသွားပို့ဆောင်ရေးအတွက် စီးပွား ဖြစ်မော်တော်ယာဉ် အမျိုးအစားများကို ထုတ်လုပ်နိုင်ခြင်းမရှိသေးပေ။ ထို့ကြောင့် အများပြည်သူနှင့် လုပ်ငန်းမျိုးစုံတွင် အသုံးပြုနိုင်သော လျှပ်စစ်မော်တော်ယာဉ်များ ထုတ်လုပ်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ လျှပ်စစ်ယာဉ်များထုတ်လုပ်ရာ၌ ထုတ်လုပ်သူလုပ်သာခွင့်ရှိရေး၊ သုံးစွဲသူအံဝင်ခွင်ကျဖြစ်စေရေး၊ စွမ်းအင်လောင်စာ အလျဉ်မပြတ်ရစေရေး၊ သင့်တင့်သော ဈေးနှုန်းဖြစ်စေရေးသည် အရေးပါသော အချက်များ ဖြစ်သည်။
ထို့အပြင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်းပြီး ဂေဟစနစ်ကို အထောက်အကူပြုသည့် မော်တော်ယာဉ်များ၊ စွမ်းအင်ပေါင်းစပ်အသုံးပြုသည့် မော်တော်ယာဉ်များနှင့် လျှပ်စစ် မော်တော်ယာဉ်များ ချောမွေ့စွာထုတ်လုပ်နိုင်ရန်နှင့် တင်သွင်းနိုင်ရန်အတွက် အထူးသက်သာသည့် အခွန်စနစ်နှင့် ခံစားခွင့်များကို မော်တော်ယာဉ်ထုတ်လုပ်တင်သွင်းဖြန့်ချိသူများအား ပေးအပ်သွား ရန် လိုအပ်ပါသည်။ လျှပ်စစ်မော်တော်ယာဉ်များ ထုတ်လုပ်ခြင်းကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုပုံစံဖြစ်စေ၊ ပုဂ္ဂလိကကဏ္ဍသက်သက် ဆောင်ရွက်မှုဖြစ်စေ အောင်မြင်စွာ တိုးတက်ထုတ်လုပ်နိုင်ရန် အားပေးကူညီဆောင်ရွက်ကြရမည်ဖြစ်သည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် စက်ရုံအလုပ်ရုံများ၌ မြေနေရာ၊ လျှပ်စစ်မီး၊ ရေ စသည့် အခြား သွင်းအားစုများ အသင့်ရှိနေသဖြင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ဆောင်ရွက် သွားရန် လိုအပ်ပေသည်။ လျှပ်စစ်ကားထုတ်လုပ်မှုမှာ မြင့်မားသောနည်းပညာကို အခြေခံသဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ အဓိကလိုအပ်ပေရာ လုံခြုံစိတ်ချအာမခံနိုင်သော ရင်းနှီးမြှုပ်နှံမှုစနစ်များ ဖြစ်အောင် ဖန်တီးဖော်ဆောင်ပေးရန်လိုအပ်သည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်၍ လက်ရှိနှင့် အနာဂတ်တည်ငြိမ်စွာဆောင်ရွက်နိုင်မှုအခြေအနေများကို ဖိတ်ခေါ်ကာ ရှင်းလင်း အသိပေးနိုင်မှုလိုအပ်သည်။
မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်မှုလုပ်ငန်းများကို ဦးစားပေးကဏ္ဍ တစ်ရပ်အဖြစ် ရင်းနှီးမြှုပ်နှံမှု အားပေးမြှင့်တင်ရေး လုပ်ငန်းများအောက်တွင် ထည့်သွင်းနိုင်ရေး အတွက် အမိန့်ညွှန်ကြားချက်များကို ပြင်ဆင်ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။ လျှပ်စစ် မော်တော်ယာဉ်များ ထုတ်လုပ်မည်ဆိုပါက အထူးစီမံထားသည့် ဘက်ထရီထုတ်လုပ်မှု လုပ်ငန်းများ၊ ပြန်လည်အားသွင်းနိုင်မည့် စတေရှင်များကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ထိုလုပ်ငန်း များကို နိုင်ငံတော်၏ဓနအင်အား၊ နည်းပညာများကိုအခြေခံ၍ အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်။ ဈေးကွက်ရရှိအောင်လည်း ဖန်တီးဆောင်ရွက်ပေးရမည်ဖြစ်ပြီး ထိုသို့ ကဏ္ဍ အလိုက်ဆောင်ရွက်မှသာ လျှပ်စစ်ကားထုတ်လုပ်မှု အောင်မြင်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ ကမ္ဘာကြီး၏ စွမ်းအင်အနာဂတ်ကို မျှော်မှန်း၍လည်းကောင်း၊ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်နှင့် လူမှုစီးပွားအခြေအနေကို တွက်ချက်၍လည်းကောင်း အစားထိုးလောင်စာသုံး လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်စွာပေါ်ပေါက်လာအောင် အဘက်ဘက် က ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။