နေပြည်တော် မေ ၁၂
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်း ကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၌ ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လုပ်ငန်းစဉ်များ ကို ပြင်ဆင်ချမှတ်ပေးခဲ့ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ လျင်မြန်စွာ လည်ပတ်နိုင်ရေးအတွက် ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ အတိုင်း မူဝါဒချမှတ်နိုင်ရေး၊ ဖြေလျှော့ပေးသင့် သည့် လုပ်ငန်းစဉ်များကို ဖြေလျှော့ပေးနိုင်ရေးနှင့် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေးတို့ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသူများက ကိုဗစ်-၁၉ ကြောင့် စီးပွားရေး သက်ရောက်မှုများ ကုစားရေးအတွက် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများက တင်ပြချက်များအပေါ် ရှေ့ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)