Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ တို့နှင့်တွေ့ဆုံ

နေပြည်တော် မေ ၁၂

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်အမရာမော်နိုင်တို့နှင့် မေ ၁၁ ရက် နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံတကာ မိတ်ဖက်ကြက်ခြေနီအသင်းများနှင့် ပူးပေါင်းပြီး နိုင်ငံအတွင်း လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးနေသည့်ကိစ္စ၊ ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ နည်းပညာ၊ ငွေကြေးအကူအညီပေးနေသည့် အခြေအနေ၊ ဆက်လက်ကူညီပံ့ပိုးပေးရန် ဆက်သွယ်လာမှုအခြေအနေ၊ မြန်မာ နိုင်ငံကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပြည်သူလူထုအခြေပြု ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် တိုင်းဒေသကြီး/ ပြည်နယ် ကြက်ခြေနီ အသင်းများမှ ပံ့ပိုးကူညီနိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံတကာ မိတ်ဖက်ကြက်ခြေနီအသင်းများနှင့် ပူးပေါင်းပြီး ပြည်သူလူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စများ ကူညီဆောင်ရွက်ပေးနေသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ဆေးရုံ၊ ဆေးခန်းများမှ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပုံမှန်အခြေအနေပြန်လည် ရောက်ရှိအောင် ကြိုးစားဆောင်ရွက်နေကြောင်း၊ ကျန်းမာရေးဝန်ထမ်းများသည် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်ရန် ပျက်ကွက်မှုများရှိပါသဖြင့် ပြည်သူလူထုအနေဖြင့် တပ်မတော်ဆေးရုံများသို့ သွားရောက်၍ ကုသမှု များခံယူလျက်ရှိရာ တပ်မတော်ဆေး ဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးဆရာဝန်များ၊ သူနာပြု အရာရှိများမှ ဆောင်ရွက်ပေး လျက်ရှိသည့်အပြင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင်လည်း အခက်အခဲရှိပါသဖြင့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များမှ ကူညီပံ့ပိုး ဆောင်ရွက်ပေး လျက်ရှိကြောင်း။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဝန်ကြီးဌာနအနေဖြင့် ပိုမို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများရှိ လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းများအား သက်ဆိုင်ရာ ကျန်းမာရေး ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီ အသင်းအဖွဲ့များအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်စေ လိုပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုး စုရပ်များတွင် မြန်မာ နိုင်ငံကြက်ခြေနီအသင်း၊ Volunteers များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကျန်းမာရေး စေတနာ့ဝန်ထမ်းများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရေး စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပိုမိုကူညီပံ့ပိုးပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်း၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ပြည်တွင်း/ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရဲမင်းထွေးတို့ တက်ရောက်ကြသည်။ (သတင်းစဉ်)