နေပြည်တော် မေ ၁၁
စီးပွားရေးကဏ္ဍတွင် အရေးကြီးသည့် ဘဏ်လုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်လျက်ရှိကြောင်း၊ ဗဟိုဘဏ်အနေဖြင့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဘဏ်များအား ကွပ်ကဲလျက်ရှိပြီး လက်ရှိအချိန်တွင် အများ ပြည်သူ အထင်မှားနေသည့် ဘဏ်များ ဖျက်သိမ်းမည့်အစီ အစဉ် လုံးဝမရှိကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က မေ ၈ ရက်တွင် ပြုလုပ်သည့် နိုင်ငံ တော်စီမံအုပ်ချုပ် ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ၌ ပြောကြား ခဲ့သည်။
ထို့ပြင် ဘဏ်များတွင် ဖွင့်လှစ်ထားသည့် ငွေစာရင်းများမှ ငွေများ မည်သည့် အကြောင်း ရင်းနှင့်မျှ ဆုံးရှုံးသွားမည်မဟုတ်ကြောင်း၊ နိုင်ငံတော်၏ ဘဏ်စနစ်အား ယုံကြည်ပြီး ပြည်သူ လူထုက ပူးပေါင်းဆောင်ရွက်ပေးမည်ဆိုပါက ရင်ဆိုင်နေရသည့် အခက်အခဲများအား အချိန်တိုအတွင်း ဖြေရှင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့် ၎င်းက ပြောကြား ခဲ့သည်။ ထို့အတူ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ဗဟိုဘဏ်အနေဖြင့် ဘဏ်စနစ် တည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် ငွေထုတ်ယူမှု ကန့်သတ်ချက်ကို ထုတ်ပြန်လိုက်ရခြင်းဖြစ်ကြောင်း၊ စိုးရိမ်စိတ်ဖြင့် ထုတ်နေသူများရှိသကဲ့သို့ တစ်ပြိုင်တည်း စိုးရိမ်စိတ်ဖြင့် ငွေလာ မအပ်တော့သည့် ကိစ္စရပ်လည်း ဖြစ်ပေါ်လာကြောင်း၊ ထို့ကြောင့် မအပ်ဘဲထားသည့် ငွေအတွက် အိမ်တွင် လုံခြုံမှုမရှိ စိုးရိမ်ပူပန်မှု ဖြစ်လာကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် အဆိုပါကိစ္စရပ်များ ဖြေလျှော့နိုင်ရေးအတွက် ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း။ ။
အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့် လက်ဝယ်ရှိ ငွေသားများကို လုံခြုံမှုအတွက် ဘဏ်များတွင် အပ်နှံလိုပါက အထူး ကိစ္စရပ်အနေဖြင့် မေ ၃ ရက်မှစပြီး ဘဏ်များတွင် ဘဏ်စာရင်းသစ် များ ဖွင့်လှစ်၍ ငွေသားအပ်နှံ ထည့်သွင်းခွင့်ပြုခဲ့ကြောင်း၊ ထိုစာရင်း အသစ်မှ ငွေသားပြန်လည်ထုတ်ယူလိုပါက အပ်နှံငွေသားပမာဏ အတွင်း ကန့်သတ်ချက်မရှိဘဲ ထုတ်ယူ ခွင့်ပြုမည်ဖြစ်ကြောင်း။ မေ ၃ ရက်မတိုင်မီ ဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်ထားသူ များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မူလငွေထုတ် ကန့်သတ်ချက်များအတိုင်းငွေသားများ ဆက်လက် ထုတ်ယူခွင့်ပြု မည်ဖြစ်ပြီး အဆိုပါ ငွေထုတ်ကန့်သတ်ချက်များကိုလည်း ဖြေလျှော့ မပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းကို လက်ရှိအချိန်တွင် ဘဏ်လုပ်ငန်းဆိုင်ရာ အခက်အခဲများကြောင့် ငွေကြေးထုတ်ယူ မှု ကန့်သတ်ချက်များနှင့်စပ်လျဉ်းပြီး ပြောကြားခဲ့သည်။ ယခုအချိန်တွင် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုများ တိုးတက် လာသည့်အတွက် စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်လာနိုင် သောကြောင့် နိုင်ငံပိုင်ဘဏ်များအပြင် ပုဂ္ဂလိက ဘဏ်လုပ်ငန်း များကလည်း ပြည်သူများ၏ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း များကို တိုးမြှင့်လုပ်ဆောင်လာသဖြင့် နိုင်ငံအတွင်း ငွေကြေး စီးဆင်းမှုများ ပိုမိုကောင်းမွန် လာ သည်ကိုလည်း တွေ့မြင်နေ ရသည်။
မောင်နေ