ရန်ကုန် မေ ၁၁ ရန်ကုန်အရှေ့ပိုင်း (ဂန္ဒီ) ပြည်သူ့ဆေးရုံကြီး၌ အထူးကုပြင်ပလူနာဌာန အပါအဝင် အခြားသော သက်ဆိုင်ရာ ဆေးကုသမှုဌာနများတွင် ပြင်ပလူနာ၊ အတွင်းလူနာများအား ၂၄ နာရီ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရန်ကုန်အရှေ့ပိုင်း (ဂန္ဒီ) ပြည်သူ့ဆေးရုံကြီးကို ဝန်ထမ်းအင်အားအခြေအနေအရ ဖေဖော်ဝါရီ ၅ ရက်မှ စတင်၍ အတွင်းလူနာဌာနနှင့် အချို့သောဌာနများကို ယာယီပိတ်ထားခဲ့ရပြီး ပြင်ပ လူနာဌာနနှင့် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ခွေးရူးပြန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကိုသာဆောင်ရွက် ပေးနိုင်ခဲ့သည်။ ဧပြီလမှစတင်ပြီး ဆရာဝန်၊ လက်ထောက် ဆရာဝန်၊ သူနာပြုနှင့် ဝန်ထမ်းအင်အား စုစုပေါင်း ၆၀ ကျော်ခန့်ဖြင့် အတွင်းလူနာ ၂၀ ခန့်၊ အရေးပေါ် ပြင်ပလူနာဌာနကို နံနက် ၈ နာရီမှ ညနေ ၄ နာရီ အထိ၊ အထူးကုပြင်ပလူနာဌာနတွင် အရေပြား ရောဂါ ကုသရေးဌာနမှလွဲ၍ အခြားသောဌာနများ ကို ပုံမှန်လည်ပတ် ကုသပေးလျက်ရှိသည့် အပြင်ပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းများကိုပါ ဆောင်ရွက်ပေးလျက် ရှိသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ လူနာများအတွက် သီးသန့်ခန်း၊ အကာအကွယ်ပစ္စည်းများ ထားရှိ ပြီး မတ် ၂၃ ရက်မှ စတင်ကာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ အသက် (၆၅)နှစ် အထက်ပြည်သူများ၊ ကျန်းမာရေး ဌာနဝန်ထမ်း မိသားစုဝင်များစုစုပေါင်း မတ်လတွင် ၃၅၀၊ ဧပြီလတွင် ၇၀၀ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ ပေးခဲ့သည်။ ယခုအခါ ရန်ကုန်အရှေ့ပိုင်း (ဂန္ဒီ)ပြည်သူ့ဆေးရုံကြီးသို့တစ်နေ့ လျှင် ပြင်ပလူနာဦးရေ ၆၀ ခန့် လာရောက် ပြသလျက်ရှိပြီး အတွင်းလူနာဦးရေ၂၀ ခန့် တက်ရောက်၍ ဆေးကုသမှုခံယူလျက် ရှိကြောင်းဆေးရုံတာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။ စန္ဒာမိုး(ပြန်/ဆက်)
နောက်ဆုံးရသတင်းများ
24 May, 2025