Skip to main content

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာအားကစားအဖွဲ့များအား တွေ့ဆုံအားပေးစကားပြောကြား

နေပြည်တော် မေ ၁၁

ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို မြန်မာအားကစားအဖွဲ့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး အောင်မြင်မှုရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး အတွက် နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် စခန်း သွင်းလေ့ကျင့် လျက်ရှိရာ အဆိုပါအားကစားသမား များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း သည် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် အားကားလေ့ကျင့်ရေးစခန်းရှိ Gold Medal Hall ခန်းမ၌ တွေ့ဆုံအားပေးစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်း မြင့်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြား ရေးမှူးများနှင့် မြန်မာ့လက်ရွေးစင်အားကစား သမားများ တက်ရောက် ကြသည်။ ။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား မြန်မာ အားကစားအဖွဲ့များနှင့်အဖွဲ့လိုက် မိတ်ဆက်ကြ ပြီး ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကို မြန်မာအားကစားအဖွဲ့ ပါဝင်ယှဉ်ပြိုင် နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားမှုများ ရှင်းလင်းတင်ပြရာတွင် အိမ်ရှင်နိုင်ငံမှ ပြိုင်ပွဲကျင်းပမှု ပုံစံများ၊ မြန်မာနိုင်ငံမှပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက်အခြေအနေများ၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ အားကစားနည်း အလိုက် စခန်းသွင်းလေ့ကျင့်ပေးနေမှုအခြေအနေများ၊ အားကစားသမား များအား ထောက်ပံ့ ကျွေးမွေးထားရှိမှု အခြေအနေများ၊ လေ့ကျင့်ရေးသုံးအထောက်အကူပြုပစ္စည်းများ ပံ့ပိုးထားရှိမှု အခြေအနေများ၊ မြန်မာအားကစား အဖွဲ့ချုပ်များနှင့် ပူးပေါင်းဆောင်ရွက် ထားရှိမှု အခြေအနေများ၊ နိုင်ငံခြားနည်းပြငှားရမ်းမှုအခြေ အနေများ၊ လေ့ကျင့်ရေးကာလနှင့်ပြိုင်ပွဲဝင်ကာလ ခန့်မှန်းကုန်ကျစရိတ်များအား ရှင်းလင်းတင်ပြ သည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ဖြည့်စွက်၍ ရှင်းလင်းတင်ပြရာတွင် မြန်မာ အားကစား အဖွဲ့များအားလေ့ကျင့်ရေးကာလအတွင်း စည်းကမ်းပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာများကို အဓိကဦးစားပေးဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ဆုတံဆိပ်ရရှိနိုင်သည့် အားကစားနည်း အလိုက် ဆုရရှိနိုင်မှု မျှော်မှန်းထားရှိမှု အခြေအနေများ၊ အားကစားအဖွဲ့များအတွက် အာဟာရ ပိုင်းဆိုင်ရာကျွမ်းကျင်ဆရာဝန်များနှင့် စိတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များ လိုအပ်မှုအခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အဓိက အားဖြင့် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်အောင်ဆောင်ရွက် နိုင်ရေး ကိစ္စရပ်များ၊ ဝန်ကြီးဌာနအနေဖြင့် တိုင်း/ခရိုင်/ မြို့နယ်အသီးသီးရှိလမ်းလျှောက် နိုင်သောနေရာများဆောင်ရွက်ပေးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ် နိုင်သောနေရာများ၊ အားကစားကွင်း အားကစားရုံများကို ဘတ်ဂျက်လျာထားပေးမှု နှစ်အလိုက်တိုးချဲ့ ဆောက်လုပ်သွားမည့် အခြေအနေများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်၊ ဝန်ကြီးဌာနပေါင်းစုံ၊ ကျောင်းသားအားကစားပြိုင်ပွဲများ ကျင်းပမှုအတိုင်း အတာ လျော့နည်းပါသောကြောင့် အဆိုပါပြိုင်ပွဲများအား ပြန်လည်ကျင်းပပေးရမည့် အခြေအနေများ၊ ဆေးပညာပိုင်းဆိုင်ရာ အနေဖြင့် အားကစားသမားတားမြစ်ဆေးသုံးစွဲမှု အထူးကြပ်မတ်ရန်လိုအပ်ပြီး အားကစား သမားများ စိတ်ပိုင်းဆိုင်ရာတိုးတက်စေမှု ရရှိစေရေး လေ့ကျင့်စဉ်ကာလ၊ ပြိုင်ပွဲကာလ၊ ပြိုင်ပွဲ ပြီးကာလ စိတ်ခံစားချက်များ ကောင်းမွန်အောင် လေ့ကျင့်ရမည့်အခြေအနေများအား ပြောကြား သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားသမားအား လိုက်လံနှုတ်ဆက်၍ အားကစားနည်းအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စိတ်ဓာတ်ခွန်အား မြှင့်တင် အားပေးစကားပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားသမားစားရိပ်သာ၌ အားကစား သမားများအား နေ့လယ်စာ စားသောက်ရန် ချက်ပြုတ် နေမှုများ၊ မြန်မာ့လက်ရွေးစင် အားကစားသမား များ၏ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ပေးသော Fitness Center, GYM ခန်းမများနှင့် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(၄)၌နေပြည်တော်ဝန်ကြီးဌာနအသီးသီး ရှိ ဝန်ထမ်းများ COVID-19 ကာကွယ်ဆေး ထိုးနှံနေမှု များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။

 

သတင်းစဉ်