Skip to main content

နိုင်ငံ့စီးပွားရေး ပြန်လည်ကုစားရေး

ဆီထွက်သီးနှံအမျိုးမျိုး စိုက်ပျိုးပေး ကမ္ဘာပေါ်တွင် ယမန်နှစ်က ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် ကမ္ဘာတစ်ဝန်း၌ စားနပ်ရိက္ခာလိုအပ်ချက် မြင့်မားလာပြီး တစ်ဖက်တွင် စီးပွားရေး အပိုင်းပါ ကျဆင်းလာသည်ကို ကြားသိရသည်။ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး အပိုင်းတွင် ကျဆင်းနေသော်လည်း နိုင်ငံ့လူဦးရေနှင့် စားနပ်ရိက္ခာ လောက်ငဖူလုံ သောနိုင်ငံဖြစ်၍ စိုးရိမ်ဖွယ်ရာအလျှင်းမရှိပေ။ ထို့ကြောင့် ပြည်သူများအတွက် စားနပ်ရိက္ခာလည်းဖူလုံပြီး အထောက်အပံ့ တစ်ခုဖြစ်စေရေးနှင့်နိုင်ငံ့စီးပွားပြန်လည်ဦးမော့လာရေး၊ ပြန်လည်ကုစားရေးအတွက် ဆီထွက်သီးနှံအထွက်တိုးရေး စိုက်ပျိုးပေးရန် လိုအပ်သည်။ ပြည်တွင်းစားသုံးဆီ ဖူလုံစွာရရှိနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်သဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်သည့် ဒေသများတွင် ဆီထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်၍ ဆီအထွက်နှုန်းတိုးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၁၀/၂၀၂၁)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြား ခဲ့သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်ပြီး ဆန်စပါးပြီးလျှင် ပဲမျိုးစုံသီးနှံအထွက်ကောင်းသောနိုင်ငံဖြစ်သည်။ နိုင်ငံသူနိုင်ငံသားများသည် နေ့စဉ် စားသောက်ရာတွင် ဆီမပါလျှင်မပြီး မဖြစ်မနေချက်ပြုတ်စားသောက်ကြသည်။ ဆီသည် စားသောက်ကုန်စီးပွားရေးလုပ်ငန်းတွင်လည်း မဖြစ်မနေ အသုံးပြုရသော စားသောက်ကုန်ပစ္စည်းဖြစ်သည်။ လူတစ်ဦးနှုန်း ဆီစားသုံးမှုသည် တစ်နှစ်လျှင် ၄ ဒသမ ၅ ပိဿာခန့်ရှိသည်။ တစ်နိုင်ငံလုံး ဆီလိုအပ်ချက်များပြားနေသည်။ ဆီထွက်သီးနှံစိုက်ပျိုးကြသော်လည်း ပြည်တွင်း၌ စားသုံးဆီဖူလုံအောင် ထုတ်လုပ်နိုင်ခြင်း မရှိသေးသဖြင့် ပြည်ပမှ ဆီတင်သွင်းနေရပြီး နိုင်ငံခြားငွေများစွာ ကုန်ကျနေသည်။ ပြည်သူများအနေဖြင့် ဆီကို နေ့စဉ် နှစ်သက်စွာ စားသုံးနေကြ သော်လည်း ကျန်းမာရေးနှင့်ညီညွတ်သောဆီများ စားသုံးနိုင်ရေးအတွက် ပြည်ပမှ တင်သွင်းသည့်ဆီများတွင် ပြန်လည်သန့်စင်ထားသည့်ဆီများ မဖြစ်စေဘဲ အရည် အသွေးအာမခံချက်ရှိစေရေးအတွက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် လိုအပ် သည်။ ။ မြန်မာနိုင်ငံတွင် ဆီစားသုံးမှု လိုသည်ထက်ပို၍ များပြားနေသောကြောင့် ကိုယ်တွင်းရောဂါများ ပိုမိုဖြစ်ပေါ်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ မျှော်မှန်း လူ့သက်တမ်းသည် ၆၇ ဒသမ ၄၂ သာရှိသဖြင့် အိမ်နီးချင်းနိုင်ငံများတွင် အနိမ့်ဆုံး အဆင့်ဖြစ်နေသည်။ ထို့ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သောဆီများ အလွန် အကျွံစားသုံးမှု၊ ဟင်းချိုမှုန့်စားသုံးမှု၊ မူးယစ်ဆေးဝါး၊ အရက်နှင့်ဆေးလိပ်သောက် သုံးမှုများကို အသိတရားဖြင့် ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်သည်။ ပြည်တွင်း၌ ကျန်းမာရေးအတွက် ဆီစားသုံးမှုကို လျှော့ချနိုင်ခြင်းအားဖြင့် ပိုလျှံသည့်ဆီများကို ပြည်ပသို့တင်ပို့နိုင်သည်။ မြန်မာနိုင်ငံသည်ရေခံမြေခံကောင်းသည့် နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် အားလျော်စွာ လယ်ယာသီးနှံစိုက်ပျိုးရေးတွင် ဆန်စပါးကို အဓိကစိုက်ပျိုးပြီး ဒုတိယဦးစားပေးအနေဖြင့် ပဲမျိုးစုံသီးနှံစိုက်ပျိုးရေးကို အလေးထားကြသည်။ မြန်မာနိုင်ငံအနေဖြင့် စားသုံးဆီကို ပြည်ပမှတင်သွင်းနေပြီး ပဲမျိုးစုံတွင် ဈေးကွက် ဝင် စားသောက်ကုန်ပဲများကို ပြည်ပသို့တင်ပို့ကြသည်။ မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံများကို စိုက်ပျိုးမြေချဲ့ထွင်ကာ တိုးချဲ့စိုက်ပျိုးနိုင်အောင် ကြိုးစား ကြရမည်ဖြစ်သည်။ နိုင်ငံတော်က ဆီထွက်သီးနှံများအတွက် စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးရေး၊ မျိုး၊ စိုက်ပျိုးနည်းစနစ်များ ပံ့ပိုးပေးရေးတို့ကို စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် စားသုံးဆီထုတ်လုပ်ရေးနှင့်ပတ်သက်၍ ဆီထွက်သီးနှံများ ကြိတ်ခွဲ ရာတွင် အဆင့်မြင့်နည်းပညာများအသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ဆီထွက်သီးနှံများ အထွက်နှုန်းတိုးအောင် ၊ မြေဩဇာ၊ စိုက်ပျိုးမြေ၊ နည်းပညာ အဆင့်မြှင့်တင်ရေးကို ဆောင်ရွက်နိုင်မှသာလျှင် အထွက်နှုန်းတိုး၍ တန်ဖိုး မြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး စိုက်ပျိုးသူတောင်သူလယ်သမားများ ဝင်ငွေပိုမို တိုးတက်ရရှိလာကာ ကျေးလက်လူမှုဘဝများ တိုးတက်မြင့်မားလာမည် ဖြစ်သည်။ သို့ဖြစ်ရာ ဆီထွက်သီးနှံများကို စိုက်ပျိုးနိုင်သောဒေသများတွင် ဆီထွက်သီးနှံ အောင်မြင်ဖြစ်ထွန်းရေးကို ဆောင်ရွက်၍ ဆီထွက်နှုန်းတိုးအောင် ဆောင်ရွက်ခြင်း၊ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်အောင် ဆီစားသုံးမှုလျှော့ချခြင်း၊ ကျန်းမာရေး နှင့် ညီညွတ်သော စားသုံးဆီထုတ်လုပ်ခြင်း၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချ ခြင်းတို့ကို စီမံချက်ဖြင့် တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွား ပြန်လည်ဦးမော့လာကာ ပြည်သူများလည်း လူမှုစီးပွားဘဝများ မြင့်မားတိုးတက် လာမည်ဖြစ်ပါကြောင်း။ ။