Skip to main content

လူတိုင်းသက်ရှည်ကျန်းမာရေး

ကိုယ်ရောစိတ်ပါ ကျန်းမာ၊ ချမ်းသာ၍ ရောဂါဘယများ ကင်းဝေး မှသာ ကျန်းမာခြင်းနှင့် ပြည့်စုံ သည်ဟု ဆိုသည်။ ဘဝသက်တမ်း တစ်လျှောက်တွင် ကျန်းမာရေးနှင့်ပြည့်စုံမှသာ အသက် လည်း ရှည်နိုင်မည်။ သို့ရာတွင် မြန်မာလူမျိုးတို့၏မျှော်မှန်းသက်တမ်းမှာ ၆၇ ဒသမ ၄၂ နှစ်ဖြစ် ပြီး အိမ်နီးချင်းနိုင်ငံများတွင် အနိမ့်ဆုံး အခြေအနေသို့ ရောက်ရှိနေသည်။ အကြောင်းရင်းမှာ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံများကို ကျင့်သုံးနေထိုင်မှု နည်းပါးခြင်းကြောင့် ဖြစ်သည်။ စင်စစ် ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံများမှာ လူအများမလိုက်နာ မကျင့်သုံး နိုင်လောက်အောင် ခက်ခက်ခဲခဲ မဟုတ်။ နားမလည်နိုင်လောက်စရာ ပညာရပ်များလည်းမဟုတ် ပါဘဲနှင့် မလိုက်နာ မကျင့်သုံးနိုင်ကြခြင်း၊ အကျင့်ဟောင်းများကို မစွန့်လွှတ်နိုင်ကြခြင်း သာဖြစ် သည်။ တစ်နည်းအားဖြင့် ငယ်စဉ် ဘဝကစ၍ သင်ကြားလေ့ကျင့်ပေးမှု၊ လိုက်နာကျင့်သုံးမှုတို့ အလျှင်းမရှိခဲ့ခြင်းက ကြီးပြင်းလာသည့်အခါတွင် နေမြဲ စားမြဲ အကျင့်တို့စွဲကာ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံ များကို မတည်ဆောက်နိုင်ကြခြင်းဖြစ်သည်။ ။ ကျန်းမာရေးနှင့် ညီညွတ်အောင် မည်သို့နေထိုင်ရမည်နည်းဟူ သောအချက်အလက်လေးများက အနည်းငယ်မျှသာရှိပြီး စွဲစွဲမြဲမြဲ ကျင့်သုံးခြင်းအားဖြင့် ဆေးရုံဆေးခန်းနှင့် ကင်းဝေးပေမည်။ ငွေကုန်ကြေးကျ သက်သာမည်။ အသက်လည်းရှည်မည်ဟုမျှော်မှန်းနိုင်သည်။ လက်ဆေး၊ တစ်ကိုယ်ရေသန့်ရှင်းစွာနေ။ အန္တရာယ်ကင်း၊ အာဟာရပြည့်ဝသည့် အစားအစာကိုစား။ ဆီ၊ အငန်နှင့် ဟင်းချိုမှုန့်ရှောင်။ သန့်ရှင်းသောရေကို သောက်။ ရရာသီဥတုနှင့် လိုက်လျော ညီထွေစွာတ်ဆင်၊ ကိုယ်လက်လှုပ်ရှား နေ့စဉ်မှန်မှန်လုပ်။ ပင်ပန်းနွမ်းနယ်မှုကို လုံလောက်စွာ အနားယူ။ အိပ်လျှင် ခြင်ထောင်ဖြင့်အိပ်၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲ။ အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်းယာရှောင်း၊ မူးယစ်ဆေးဝါး လုံးဝရှောင်။ ပတ်ဝန်းကျင်သန့်ရှင်းရေး ဂရုပြု ထိန်းသိမ်း။ မြေ၊ ရေ၊ လေ ကိုယ့်ကြောင့် မညစ်ညမ်းစေနှင့်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာ။ စိတ်ဖိစီးမှုတို့မထားဘဲ လျှော့ချ။ သဘာဝအန္တရာယ်များသတိပြု။ ဤမျှကျင့်သုံး ဆောင်ရွက်ပြီဆို လျှင် ပြည့်စုံသလောက်ရှိပြီဖြစ်သည်။ ကိုယ်လက်လှုပ်ရှားနေ့စဉ် မှန်မှန်လုပ်ဟု ဆိုရာတွင်လည်း ခက်ခက်ခဲခဲ စဉ်းစားမနေဘဲ လမ်း လျှောက်ရုံဖြင့်ပြီးသည်။ လမ်းလျှောက်ခြင်းက ကုန်ကျစရိတ်မရှိ၊ အလွယ်ကူဆုံးနှင့် အကျိုး သက်ရောက်မှုအများဆုံးဖြစ်သည်။ အစတွင်နေ့စဉ် ၁၀ မိနစ် လမ်းလျှောက်။ တဖြည်းဖြည်းချင်း ၃ မိနစ်၊ ၅ မိနစ် စသည် ဖြင့်တိုးသွား။ နေ့စဉ် နာရီဝက်၊ တစ်ပတ်လျှင် ငါးရက်မြန်မြန် လျှောက်နိုင်သည့် စံချိန်သို့ ရောက်ရှိရန် ရည်မှန်းချက်ထား၍ လျှောက်ရမည်။ နှေးနှေး ကွေးကွေး လေးလေးလံလံလျှောက်ခြင်း က အကျိုးမဖြစ်။ ရှေ့တည့်တည့်ကိုကြည့်၊ ခေါင်းနှင့်မေးစေ့ကို မတ်မတ်ထားကာ သက်သောင့်သက်သာ အနေအထားမှသည် အမြန်လျှောက်ပြီး နှလုံးကိုလည်း အလုပ်ပေး။ ဤသို့ဖြင့် အမာခံ လာသည်။ သက်လုံကောင်းလာသည်။ ကြွက်သားများ သန်မာ လာပြီး အရိုးများပါ အားကောင်းလာသည်။ ကယ်လိုရီအဆီများ လောင်ကျွမ်းသွားသောကြောင့် အဝလွန်ခြင်းနှင့် ကိုယ်အလေးချိန် တို့ကို ထိန်းနိုင်လာသည်။ နှလုံးကြံ့ခိုင်လာပြီး နှလုံးသွေးကြော ကျဉ်းရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်သည်။ အစာ စားပြီးချိန် လမ်းလျှောက်ပါက သွေးတွင်းအချိုဓာတ်ကျဆင်းစေပြီး ဆီးချိုရောဂါကို ထိန်းနိုင် လာသည်။ အဆစ်အမျက်ကိုက်ခဲမှုများ သက်သာလာပြီး ခန္ဓာကိုယ်ခုခံအားလည်းတက်လာ သည့်အတွက် လမ်းပုံမှန်လျှောက်သူများက မလျှောက်သူများထက် ဖျားနာမှု နည်းသည်။ အားလုံးချုပ်လိုက်သောအခါလမ်းမှန်မှန်လျှောက်ခြင်း က အသက်ရှည်ရန် ဆေးဝါးတစ်ခုလို အထောက်အကူပြုသည်။ လူတိုင်း အသက်ရှည် ကျန်းမာလိုကြသည်။ ဖြစ်နိုင်လျှင် ဇာတာထဲကကဲ့သို့ အသက်၁၂၀ ရှည်စေသော်ဟူသောဆုတောင်း ကို ပြည့်လိုကြသည်။ ကျန်းမာသည့် လူနေမှုဘဝပုံစံရအောင် ကျင့်သုံးခြင်းဖြင့် အတိုင်းအတာတစ်ရပ်အထိ ကျန်းမာစွာ အသက်ရှည်နေထိုင်နိုင် မည်ဖြစ်ရာ ရခဲလှသည့် လူ့ဘဝကိုတန်ဖိုးထားကာ လူတိုင်းကိုယ်စီ ကျန်းမာပျော်ရွှင်နိုင်ရေးအတွက် လက် တွေ့ နေထိုင်နိုင်ကြပါစေကြောင်း။ ။