နေပြည်တော် မေ ၁၁ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် မေ ၁၀ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက် အောက်ရှိ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်) သင်တန်းခန်းမဆောင်သို့ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့် နှင့် စက်ရုံမှူးတို့က စက်ရုံသမိုင်းကြောင်း၊ စက်ရုံလည်ပတ်ထုတ်လုပ်နိုင်ခဲ့မှု၊ စက်သုံးဆီ သိုလှောင်ကန်များ၏ အခြေအနေ၊ စက်ဆီ/ချောဆီရောစပ်စက်ရုံ အခြေအနေ၊ စက်သုံးဆီ နှင့် ရေနံဓာတ်ငွေ့ရည် တင်ချဆိပ်ခံတံတား၊ ရေနံဓာတ်ငွေ့ရည် သိုလှောင်ဖြန့်ဖြူးရေး စခန်းအခြေအနေ၊ စက်ရုံဓာတ်ခွဲခန်းတွင် စက်မောင်းဆီ၊ ချောဆီများ စမ်းသပ်စစ်ဆေး ပေးနေမှု၊ စက်ရုံ၏ လက်ရှိအခြေအနေနှင့် စက်ရုံပြန်လည် လည်ပတ်မည်ဆိုပါက အစားထိုးလဲလှယ်ပြင်ဆင်ဆောင်ရွက်ရမည့်အခြေအနေ၊အပေါ့စားရေနံစိမ်း(condensate) နှင့် ရေနံစိမ်းဖြင့်လည်ပတ်ချက်လုပ်နိုင်မည့်အခြေအနေ၊ လက်ရှိဝန်ထမ်း အင်အား အခြေ အနေ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ စက်ရုံပိုင်မြေနေရာပေါ်တွင် အိန္ဒိယ နိုင်ငံ Indian Oil Corporation Limited(IOCL) ကုမ္ပဏီမှ အဆိုပြုထားသော တစ်နှစ် လျှင် ရေနံစိမ်းတန်ချိန် ၁၀ သန်းခန့် ချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံသစ်စီမံကိန်း တည်ဆောက်ရေး ဆွေးနွေးညှိနှိုင်းထားသည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စက်ရုံရှိ ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့ဝန်ထမ်းဖြစ်သည့်အားလျော်စွာ နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နည်းဉပဒေနှင့် စည်းမျဉ်း စည်းကမ်းများကို တိကျစွာလေးစားလိုက်နာကြရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင် သို့ အမြန်ဆုံးဝင်ရောက်ပြီး စက်ရုံထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ စီးပွားရေးတွက်ခြေကိုက်မှု အခြေအနေအရ စက်ရုံအား (၃)နှစ်ခန့် ရပ်နားထားရာမှ ပြည်တွင်း၌လိုအပ်သော စက်သုံးဆီများအား တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းပေးနိုင်ရေးအတွက် စက်ရုံပြင်ဆင်ပြုပြင်ခြင်း လုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ကာ လည်ပတ်သွားရန်လိုအပ်ကြောင်း၊ ထို့အပြင် စက်ရုံအလုပ်ရုံနှင့် ယာဉ်ယန္တရား များအတွက်လိုအပ်သော စက်ဆီ/ချောဆီ ရောစပ်စက်ရုံအား အမြန်ဆုံး ပြန်လည် လည်ပတ်ရန်ဖြစ်ကြောင်း၊ စက်သုံးဆီနှင့် ချောဆီတင်ချ ဆိပ်ခံတံတားများ၏ ကြံ့ခိုင်စေ ရေး ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို စီမံချက်ချဆောင်ရွက်ရန်လိုကြောင်း၊ စက်ရုံပြန်လည် လည်ပတ်နိုင်ပါက ဝန်ထမ်းများ၏ ကာယဉာဏစွမ်းအားများကို နိုင်ငံတော်အတွက် အကျိုး ရှိစွာအသုံးချနိုင်သလို မိမိဌာနအတွက်လည်း အကျိုးအမြတ် ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ သို့ပါ၍ စက်ရုံပြန်လည်လည်ပတ်ရေးဆိုင်ရာ အချက်အလက် များကို စိစစ်တွက်ချက် တင်ပြပေးစေလိုပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ကို အသေးစိတ်စာရင်းပြုစု၍ အကောင်အထည်ဖော် ဆောင်ရွက် သွားရန်၊ စက်ရုံသန့်ရှင်း သာယာမှုရှိစေရေး၊ လုံခြုံရေးနှင့်မီးဘေးအန္တရာယ် ကင်းရှင်းစေရေး အထူးဂရုပြု ဆောင်ရွက် သွားရန်လိုအပ်ကြောင်း မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်) ဝင်းအတွင်းသို့ လည်းကောင်း၊ ရေနံပေါင်းတင်စက်ရုံ၊ စက်ဆီ/ချောဆီ ရောစပ်စက်ရုံ၊ စက်သုံးဆီသိုလှောင်ကန်များနှင့် စက်သုံးဆီတင်ချ ဆိပ်ခံတံတားများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)