Skip to main content

လူမှုရေးပညာ တက္ကသိုလ်တည်ထောင်ဖွင့်လှစ်နိုင်ရေး အစည်းအဝေးကျင်းပ

နေပြည်တော် မေ ၁၁ လူမှုရေးပညာတက္ကသိုလ်တည်ထောင်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းစီမံချက်အပေါ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က နိုင်ငံသူ၊ နိုင်ငံသား များကို ထိရောက်သော လူမှုရေးဝန်ဆောင်မှုနှင့် အထောက်အပံ့များ ပေးအပ်နိုင် ရေး ဆောင်ရွက်ရာတွင် လူမှုရေးပညာသည် အရေးကြီးသော ပညာရပ်တစ်ခုဖြစ်ပါ ကြောင်း၊ ကျွမ်းကျင်သော လူမှုဝန်ထမ်းသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် လူမှုရေးပညာ တက္ကသိုလ်တစ်ခု မဖြစ်မနေလိုအပ်ပါကြောင်း၊ အဆိုပါ တက္ကသိုလ်ဖွင့်လှစ် နိုင်ရေး အတွက် လုပ်ငန်းစီမံချက်ကို ပြီးပြည့်စုံအောင်ရေးဆွဲပြီး လုပ်ငန်းစီမံချက်ပါ အတိုင်း အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ အခြေခံအဆောက်အအုံပိုင်း ဆိုင်ရာ လိုအပ်ချက်များကို မြန်မြန်ဆန်ဆန် ဖြည့်ဆည်းပေး၍ ရနိုင်သော်လည်း ပညာရပ် ပိုင်းဆိုင်ရာနှင့် လူသားအရင်းအမြစ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရာ၌ အချိန်ယူဆောင်ရွက်ရပါကြောင်း၊ ဝိုင်းဝန်းတိုင်ပင်ဆွေးနွေးပြီး ပိုမိုကောင်းမွန်သည့် လုပ်ငန်းစီမံချက်ထွက်ပေါ်လာရေး အကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြား သည်။ ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လူမှုရေးပညာတက္ကသိုလ် ဖွင့်လှစ် နိုင်ရေးအတွက် လိုအပ်မည့်အကြောင်းအရာများကို ဖြည့်စွက်ပြောကြားသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းစီမံချက် ရေးဆွဲထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး က လုပ်ငန်း စီမံချက်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုလည်းကောင်း တင်ပြဆွေးနွေး ခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (သတင်းစဉ်)