နေပြည်တော် မေ ၁၁
အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group – AP JG) က မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(Anti-Money Laundering and Countering the Financing of Terrorism-AML/CFT) လုပ်ငန်းစဉ် များအပေါ် အကဲဖြတ်ခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်ချက်များအား ဆွေးနွေးခြင်းဆိုင်ရာအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ငွေကြေးဆိုင်ရာအရေးယူ ဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) နှင့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး အဖွဲ့(Asia Pacific Group-APG) အတွင်းရေးမှူးအဖွဲ့မှ ပုဂ္ဂိုလ်များ၊ ဩစတြေးလျ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ ဂျပန်၊ တရုတ်(မကာအို)၊ နယူးဇီလန်၊ ယူကေနှင့် အမေရိကန် ပြည်ထောင်စု အပါ အဝင် AP JG အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဉီးဆောင်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဉီးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေး အဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် AP JG အဖွဲ့၏ Co chair ဖြစ်သူ Ms. Connie Chu နှင့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့က အဖွင့်အမှာစကားပြောကြားသည်။ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများအား ဆွေးနွေးပြောကြားရာတွင် ငွေကြေး ခဝါချမှုဆိုင်ရာအန္တရာယ်များကို နားလည်စေရေးအတွက် ကြီးကြပ်ရေးအာဏာပိုင် များနှင့် ညှိနှိုင်းအစည်းအဝေးများပြုလုပ်ခြင်း၊ ငွေရေးကြေးရေးမဟုတ်သော စီးပွားရေး လုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ (DNFBPs) အတွက် ဆုံးရှုံးနိုင်ခြေအန္တရာယ်အခြေပြု လမ်းညွှန်ချက်ထုတ် ပြန်ခြင်း၊ ပြည်ပငွေလွှဲ ဝန်ဆောင်မှုလုပ်ငန်းများအား လိုင်စင်ထုတ်ပေးမှုနှင့် ကြီးကြပ်စစ်ဆေး ရေးဆောင်ရွက် ထားရှိမှု၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၏ အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ ငွေကြေးခဝါချမှုဆိုင်ရာပြစ်မှုများအား စုံစမ်းစစ်ဆေးခြင်း၊ ပြစ်မှုကျူးလွန် ရာမှရရှိသည့် ငွေကြေးနှင့်ပစ္စည်းများအား နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းခြင်း၊ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များနှင့် အညီ လူအများအပြားသေကျေစေသော လက်နက်များပျံ့ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် တိုးတက်ဆောင်ရွက်မှုများအား နှစ်ဖက်အပြန်အလှန် ဆွေးနွေးကြသည်။
(သတင်းစဉ်)