ကမ္ဘာပေါ်တွင် ရုပ်ရှင်ပေါ်ပေါက်လာမှုသည် ၁၈၈၆ ခုနှစ်ခန့်ကဖြစ်ပြီး ပြင်သစ်၊ အင်္ဂလန်၊ အမေရိကန်နိုင်ငံတို့၌ စတင်ထွန်းကားလာ ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၁၉၁၀ ပြည့်နှစ် ခန့်က ရုပ်ရှင်ပြသမှုများစတင်ခဲ့ကြောင်းကို “အလွန်ထူးဆန်းသော ဓာတ်မီးနှင့် အရိပ်ပြပွဲ အကြောင်း” သတင်းအထောက်အထားများအရ သိရ သည်။ အနောက်နိုင်ငံများထက် နှစ်ပေါင်း ၂၀ ကျော် နောက်ကျပြီးမှရုပ်ရှင်လောက ထွန်းကားခဲ့သော် လည်း မြန်မာ့ရုပ်ရှင်သမိုင်းကြောင်းသည် ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ၊ ကိုယ့်လမ်း ကိုယ်ဖောက်၊ ကိုယ့်ခြေထောက်ပေါ် ခိုင်ခိုင်မာမာ ရပ်တည်ဖြတ်သန်းခဲ့သည်ကို သမိုင်း အထောက် အထားများက သက်သေပြလျက်ရှိပါသည်။ မြန်မာ့ရုပ်ရှင်ခေတ်ဦး ။ မြန်မာ့ရုပ်ရှင်လောက၏ ဝိတ်ကားကို ဖွင့်လှစ်ပေးခဲ့သူမှာ လန်ဒန်အတ် ဦးအုန်းမောင် ဖြစ်ပါသည်။ ဦးအုန်းမောင် ရိုက်ကူးခဲ့သော ဦးထွန်းရှိန် ဈာပနမှတ်တမ်း ရုပ်ရှင်၊ မေတ္တာနှင့် သူရာရုပ်ရှင်တို့သည် မြန်မာ့ရုပ်ရှင်ခေတ်ဦးနိဒါန်းများဖြစ်ပါသည်။ ဦးအုန်းမောင်သည် မြန်မာ့ရုပ်ရှင် ခေတ်ဦးကာလတွင် ထိုအချိန်က နာမည်ကျော်ကြား နေသော ဇာတ်မင်းသားကြီး ဦးဖိုးစိန်၏ အကမျိုးစုံကို စမ်းသပ်ရိုက်ကူး ရန်ကြံစည်ခဲ့ပါသည်။ ဇာတ်မင်းသားကြီး ဦးဖိုးစိန်က ၎င်း၏ဇာတ်ပွဲ များတွင် ပရိသတ်နည်းပါးသွားမည်ကို စိုးရိမ်သဖြင့် ဦးအုန်းမောင်၏ အကြံကိုသဘောမတူခဲ့သောကြောင့် မြန်မာ့ရုပ်ရှင် ငွေရောင်ပိတ်ကားပေါ်တွင် ဇာတ်သဘင် အငွေ့အသက်များဖြင့် သမိုင်းနိဒါန်း အစမပျိုး နိုင်ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် မြန်မာ့ရုပ်ရှင်အစည်း အရုံးပေါ်ပေါက်လာသောအခါ မေတ္တာနှင့် သူရာ ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသသည့် အောက်တိုဘာလ ၁၃ ရက်နေ့ကို မြန်မာ့ရုပ်ရှင်နေ့ဟု သတ်မှတ်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ ရုပ်ရှင်ခေတ်ဦးသည် လွတ်လပ် ရေးကြိုးပမ်းဆဲကာလ၊ အခက်အခဲမျိုးစုံရင်ဆိုင်နေရသောကာလ၊ နည်းပညာနှင့် ကန့်သတ်ချက် များစွာကို ရင်ဆိုင်ကျော်လွှားပြီး မြန်မာ့ ရုပ်ရှင်လောကကို သန္ဓေတည်မွေးဖွားခဲ့ကြရပါသည်။ မြန်မာ့ရုပ်ရှင်ခေတ်ဦးကာလ မြန်မာ့ရုပ်ရှင်လောက ရှင်သန်ဖွံ့ထွားလာရေး ရုပ်ရှင်ဖခင်ကြီးများ က မြန်မာတို့၏ မျိုးချစ်စိတ်ဓာတ်၊ ဇာတိသွေး၊ ဇာတိမာန်၊ မြန်မာတို့၏ စွမ်းပကားနှင့် မြန်မာ့ရုပ်ရှင်ကို မျိုးစေ့ချလိုသော စိတ်ကောင်းစေတနာမွန်များဖြင့် အစပြုခဲ့ကြခြင်း ဖြစ်ပါသည်။ ကိုယ်ကျိုးမဖက်ဘဲ တိုင်းပြည်နှင့် လူမျိုး၏ မျက်နှာ ကိုသာ ရိုးသားရှင်းလင်းသော အခြေခံစေတနာကောင်းဖြင့် မြန်မာ့ ရုပ်ရှင်စာမျက်နှာသစ်ကို ဖွင့်လှစ်ခဲ့ကြခြင်းဖြစ်ပါသည်။ ကိုလိုနီနယ်ချဲ့ အစိုးရက မြန်မာနိုင်ငံတွင် ရာဇဝတ်မှုများတိုးပွားလာခြင်းသည် ရုပ်ရှင်ကြောင့်ဟု ယူဆခဲ့ပြီး ၁၉၂၂ ခုနှစ်တွင် မြန်မာ တစ်ဦးမျှ မပါဝင်သော မြန်မာ့ရုပ်ရှင် စစ်ဆေးရေး ဆင်ဆာအဖွဲ့ကို ဖွဲ့စည်း၍ မြန်မာ့ရုပ်ရှင်ကို နှိပ်ကွပ်ချုပ်ချယ်မှုများပြုလုပ်ခဲ့ကြပါ သည်။ မြန်မာ့ရုပ်ရှင် ဆင်ဆာစစ်ဆေးရေးအဖွဲ့ ပထမဆုံးထုတ်ပေးသော ဆင်ဆာလက်မှတ်ရ ဇာတ်ကားမှာ “ကျေးတောသူ မနု” ဖြစ်ပါသည်။ မြန်မာ့ရုပ်ရှင်နှင့် စည်းကမ်းထိန်းကျောင်းမှုများ မြန်မာ့ရုပ်ရှင်လောက စည်းကမ်းစနစ်တကျဖြစ်စေရန် ထိန်းကျောင်းမှုများ ခေတ်အဆက်ဆက် ရှိခဲ့ပါသည်။ ၁၉၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ဆင်ဆာဥပဒေပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၅၂ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိရုပ်ရှင်စစ်ဆေးရေးအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်တွင် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၆၃ မှ ၁၉၈၅ အထိ ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့ဖြင့် ဆောင်ရွက် ခဲ့ပါသည်။ ၁၉၈၆ မှ ၂၀၁၃ အထိ ရုပ်ရှင်ဆင်ဆာအဖွဲ့ အမည်များဖြင့် ဌာနဆိုင်ရာ ပုဂ္ဂိုလ်အများစု ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၉၆ ခုနှစ်တွင် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ(၈/၉၆) ပြဋ္ဌာန်း ခဲ့ပါသည်။ ၁၉၉၆ ခုနှစ်တွင် ရုပ်ရှင်ဥပဒေ (၉/၉၆)ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် နည်းဥပဒေပြဋ္ဌာန်းခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာ့ ရုပ်ရှင်လုပ်ငန်းကို ဖျက်သိမ်းပြီး မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန အဖြစ်ပြောင်း၍ ရုပ်ရှင် ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာနှစ်ဖွဲ့ကို ပူးပေါင်းကာ ဇာတ်ကားအဆင့်အတန်း သတ်မှတ်ရေး စိစစ်အကဲဖြတ်အဖွဲ့ကို ဌာန ဆိုင်ရာ ပုဂ္ဂိုလ်ရှစ်ဦး၊ ပြင်ပပုဂ္ဂိုလ် ရှစ်ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ရုပ်ရှင် ဥပဒေပါပြဋ္ဌာန်းချက်နှင့် ကိုက်ညီရန် ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့ ဟု အမည်ပြောင်းခဲ့ပါသည်။ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များလျှော့ချ၍ ဌာနဆိုင်ရာမှ သုံးဦး၊ ရုပ်ရှင် အစည်းအရုံးမှ ငါးဦး၊ ဂီတ အစည်းအရုံးမှ တစ်ဦး၊ ပြင်ပကျွမ်းကျင်ပညာ ရှင်ခြောက်ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၈၉ ခုနှစ် ဇွန်လတွင် ရုပ်ရှင်ဆင်ဆာအဖွဲ့၏ အခြေခံမူ ၁၀ ချက်ကို သတ်မှတ်ခဲ့ပါသည်။ ၎င်းတို့မှာ (၁) နိုင်ငံရေး (၂) ဘာသာရေး (၃) တိုင်းရင်းသားချစ်ကြည်ရေး (၄)အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေး (၅) ကိုယ်ကျင့်တရားကောင်း မွန်ရေး(၆) ရာဇဝတ်မှုပပျောက်ရေး (၇) ရက်စက် ကြမ်းကြုတ်မှုများ ပါဝင်မှုမရှိစေရေး (၈) ကာမရာဂလှုံ့ဆော်မှုများ ပါဝင်မှုမရှိစေရေး(၉) ညစ်ညမ်းမှုကင်းရှင်းရေး (၁၀) ကလေးသူငယ်များအရေးတို့ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် (၄) ချက်ကို ပယ်ဖျက်၍ (၁) နိုင်ငံရေး (၂) ဘာသာရေး (၃) တိုင်းရင်းသားချစ်ကြည်ရေး (၄) အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး (၅) ရက်စက် ကြမ်းကြုတ်မှုများ ပါဝင်မှုမရှိစေရေး (၆) ကာမရာဂလှုံ့ဆော်မှုများ ပါဝင်မှုမရှိစေရေး အချက်များကိုသာ ဆင်ဆာစစ်ဆေးရန် သတ်မှတ်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ လ ၁၀ ရက်နေ့တွင် ရုပ်ရှင်လောကသားများက စာပေစိစစ်ရေးအဖွဲ့ မရှိသလို ရုပ်ရှင်နှင့် ဗီဒီယို ဆင်ဆာအဖွဲ့လည်း မရှိသင့်ကြောင်း၊ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများနှင့် ပတ်သက်ပြီး ဆင်ဆာအဖွဲ့က ပြင်ဆင်ဖြတ် တောက်ရန်ထက် ဖြတ်တောက်သင့်ပါကြောင်း အကြံပြုချက် ဖြင့်သာ ဆောင်ရွက်ပေးသင့်ကြောင်း၊ ဆင်ဆာနှင့်ပတ်သက်၍ Rating စနစ် ဖြင့် ဆောင်ရွက်ရန် တောင်းဆိုခဲ့ပါသည်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံး အလုပ်အမှုဆောင်ရွေးချယ်ပွဲများကို ၂၀၁၂ ခုနှစ်အထိ နှစ်နှစ်တစ်ကြိမ် ကျင်းပပြီး ၂၀၁၅ ခုနှစ်မှစ၍ သုံးနှစ်တစ်ကြိမ်ကျင်းပရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ခဲ့သည်။ ရပ်တည်ချက်နှင့် လုပ်ဆောင်မှုမှန်ကန်စေရေး ရိုးသားမှု၊ ကြိုးစားမှုနှင့် ခေတ်ရေစီးကြောင်းကို နားလည်မှုများကြောင့် မြန်မာ့ရုပ်ရှင် လောကသည် ခေတ်ဦးကာလမှ ခေတ်များစွာကို ပြည်သူပရိသတ်ရင်ထဲမှ အချစ်များကို ရယူနိုင်ခဲ့ကြပါသည်။ ၁၉၄၇ ခုနှစ်တွင် ပြုလုပ်သော မြန်မာ့ရုပ်ရှင် ငွေရတုအခမ်းအနား၌ လွတ်လပ် ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “ မြန်မာပြည်ကြီး လွတ်လပ်တော့မည် ဖြစ်ကြောင်း၊ လွတ်လပ်သော မြန်မာပြည်တွင် တိုင်းပြည်ထူထောင် တိုးတက်ရေးအတွက် တိုင်းသူပြည်သားတိုင်း တာဝန်ရှိကြောင်း၊ ရုပ်ရှင်လောကသားများမှာလည်း တာဝန်ရှိကြောင်း၊ ရုပ်ရှင်အနုပညာဖြင့် တိုင်းပြည်အကျိုးရှိအောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း” လမ်းညွှန် မှာကြားခဲ့ပါသည်။ ရပ်တည်ချက်နှင့် လုပ်ဆောင်မှု မှန်ကန်ကောင်းမွန်ခဲ့သော ရုပ်ရှင်လောကသားများစွာ ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့ပါသည်။ မြန်မာ့ ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော သရုပ်ဆောင် မှုများကို ငြင်းဆန်ပြီး မြန်မာအမျိုးသမီးတို့၏ ဂုဏ်သိက္ခာနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်၍ သရုပ်ဆောင်ပီပြင်ခဲ့သော ဒေါ်ဝင်းမင်းသန်းသည် မြန်မာတို့၏ ယဉ်ကျေးမှုမြင့်မားကြီးမြတ်မှုကို ကမ္ဘာကသိအောင် ထုတ်ဖော်ပြသ နိုင်ခဲ့ပါသည်။ ပြောင်းလဲလာသော ခေတ်စနစ်တိုင်းတွင် အနုပညာအပေါ်ကိုသာ အာရုံထားပြီး ပြည်သူနှင့် တိုင်းပြည်အရေး ဦးစားပေးခဲ့ကြသော အနုပညာရှင်၊ အတတ်ပညာရှင် များအား ပြည်သူများက ချစ်ခင်လေးစားအားကျအတုယူပြီး ပြည်သူများ၏ မျက်နှာသာပေးမှုကို သိမ်းကျုံးရယူခဲ့ကြသည် ချည်းဖြစ်ပါသည်။ မြန်မာ့ရုပ်ရှင်လောကတွင် အနုပညာနှင့် နိုင်ငံရေးရောထွေးပြီး အနုပညာအပေါ် ဥပဒေဘောင် အထက်တွန်းပို့၍ ကိုယ်ကျိုးရှာ အတ္တဝါဒီများကြောင့် ရုပ်ရှင်အနုပညာရပ်ဝန်း ညစ်ထေးမှုများ၊ အစွန်းအထင်းများမဖြစ်စေရန် အရေးကြီးလှပါသည်။ အနုပညာရှင် များသည် မိမိနယ်ပယ်၏ ကျင့်ဝတ်စည်းကမ်းများကို သိရှိလိုက်နာကြ ရန်လိုပါသည်။ ရုပ်ရှင်လောကသားများ ပါတီနိုင်ငံရေးလုပ်ခွင့်ရှိပါသည်။ မိမိရွေးချယ်သည့် ဘဝလမ်းကြောင်းကို ရှင်းရှင်းလင်းလင်း ရပ်တည်ရေးသည် အဓိကကျပါသည်။ ရော်နယ်ရေဂင်သည် ရုပ်ရှင်မင်းသားမှ အမေရိကန် သမ္မတဖြစ်ခဲ့ဖူး၏။ ဂျိုးဇက်အမ်စတာဒါသည် ရုပ်ရှင်မင်းသားဘဝမှ ဖိလစ်ပိုင် သမ္မတဖြစ်ဖူး၏။ နိုင်ငံရေးနယ်ပယ်ကို ခြေချလိုက်ပါက စောင့်ထိန်းရမည့် စည်းကမ်းကျင့်ဝတ်များကို ပညာရှင်ဆန်ဆန် ရိုးရိုးသားသား လိုက်နာကြရမည်ဖြစ်ပါသည်။ မိမိဘဝလမ်းကြောင်း ရွေးချယ်မှုကို ( ဥပဒေအရ တားမြစ်ခြင်း၊ ကန့်သတ်ခြင်းမရှိသော်လည်း အနုပညာ အခြေပြုဥပဒေကို လက်တစ်လုံးခြားလုပ်ခြင်းနှင့် ဥပဒေချိုးဖောက်ရေး အားပေးကူညီမှုများကို မည်သည့်နိုင်ငံ မည်သည့်အစိုးရကမျှ လက်ခံ ခွင့်လွှတ်ပေးနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် မြန်မာ့ရုပ်ရှင်လောကသမိုင်း တင့်တယ် ဂုဏ်မြင့်စေလိုပါက ရုပ်ရှင်လောကသား များကိုယ်တိုင် တစ်ဦးချင်းစီက ရပ်တည်ချက်နှင့် လုပ်ဆောင်မှုမှန်ကန်စေရေးသည် အဓိက အရေးကြီးသော အချက်ဖြစ်ပါသည်။ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လုံခြုံတည်ငြိမ်အေးချမ်းစွာ ရပ်တည်နေထိုင်နိုင်ရေးနှင့် အကျိုးစီးပွားကို ထိခိုက်ပျက်ပြားမှုမရှိစေရေး ပြည်သူများ၏ မေတ္တာနှင့် အချစ်သဒ္ဓါများကို ရိုးသားစွာရယူ၍ ပြည်သူ့အကျိုး နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်သော မြန်မာ့ရုပ်ရှင်သမိုင်း ဂုဏ်တင့်စေသော အနုပညာရှင်၊ အတတ်ပညာရှင်များဖြစ်ကြပါစေဟု မေတ္တာ တရားရှေ့ထား ရေးသားတင်ပြလိုက်ရပါသည်။ ။
ကောင်းကင်မင်း