နေပြည်တော် မေ ၁၀
ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ခြင်းဆိုင်ရာ အခြေခံ သင်တန်းအမှတ်စဉ် ၁/၂၀၂၁ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ မြေညီထပ် ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဥပဒေအကြံဉာဏ်ပေးနိုင်ရန် အခမ်းအနားတွင် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး က ယခု သင်တန်းကို ဖွင့်လှစ် ရခြင်းမှာ ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၊ တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု မဟာ ဗျူဟာစီမံကိန်း(၂၀၂၀-၂၀၂၄)၏ ပန်းတိုင် (၂) ရည်မှန်းချက် ၂၊ ၁ နှင့်အညီ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဦးစီးဌာန အသီးသီးတွင် တာဝန် ထမ်းဆောင်လျက်ရှိသော အရာရှိများအနေဖြင့် စီးပွားရေး စာချုပ် စာတမ်းများ စိစစ်ခြင်း ဆိုင်ရာ ကိစ္စရပ်များကို သိရှိ နားလည်ပြီး စီးပွားရေး စာချုပ်စာတမ်းများ စိစစ်အကြံပြုရာတွင် ပိုမိုထိရောက်သည့် ဥပဒေ အကြံဉာဏ်များကို အချိန်နှင့် တစ်ပြေးညီ ပေးနိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ဥပဒေ အကြံဉာဏ် ပေးနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။
ဌာနတွင်း ပူးပေါင်း
ယခုသင်တန်းသည်နိုင်ငံတော် အစိုးရ အဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံ သူများအကြား ချုပ်ဆိုမည့်စာချုပ်များကို စိစစ်ရာ၌ မလိုလားအပ်သည့် အချိန်ကြန့်ကြာမှုများ လျော့ကျပြီး ပိုမိုမြန်ဆန်သော လုပ်ငန်းစဉ်ဖြင့် ထိရောက်စွာ စိစစ်နိုင်ရေး၊ အရည်အသွေး ပြည့်မီသော ဥပဒေအကြံဉာဏ် ပေးနိုင်ရေးတို့အတွက် များစွာ အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး နယ်ပယ် သုံးရပ်လုံးတွင် ပါဝင်ဆောင်ရွက်ရသော အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ လုပ်ငန်း တာဝန်များကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေရုံး အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသူ များ၏ တစ်ဦးချင်းအရည်အသွေး မြှင့်တင်ခြင်း၊ ဌာနတွင်း ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန် ဆောင်ရွက်ခြင်း၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးအနေဖြင့် နိုင်ငံတော် အစိုးရ အဖွဲ့အစည်းများနှင့် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူ များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများအကြား ယုံကြည်စိတ်ချမှု၊ စီးပွားရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဥပဒေရေးရာ ခိုင်မာ မှုများရရှိစေရန် ချုပ်ဆိုသည့် စီးပွားရေး စာချုပ်စာတမ်းများ အပေါ်တွင် နှစ်ဦးနှစ်ဖက် နစ်နာမှု များ မရှိစေရေးအတွက် တည်ဆဲ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စိစစ်သုံးသပ် အကြံပြုပြန်ကြားပေးရကြောင်း၊ စီးပွားရေး လုပ်ငန်း စာချုပ်များမှာ လုပ်ငန်းသဘော သဘာဝအပေါ်မူတည်၍ စာချုပ်အမျိုးအစား အမျိုးမျိုးကွဲပြားနိုင်ကြောင်း၊ ယခု သင်တန်းသို့ တက်ရောက်သည့် ဥပဒေအရာရှိများအနေဖြင့် စီးပွားရေးစာချုပ် စာတမ်းများ စိစစ်ခြင်းဆိုင်ရာ ဥပဒေအခြေခံ သဘောတရားများကို သိရှိနားလည်ခြင်းအား ဖြင့် မိမိတို့၏ အရည်အသွေးများ ပိုမိုတိုးတက်မြင့်မားလာစေမည်ဖြစ်သောကြောင့် ယခုသင်တန်းကို သေချာမှတ်သား၍ လေ့လာရန် တိုက်တွန်းလိုပါကြောင်းပြောကြားသည်။
တစ်ပတ်ကြာမြင့်မည်
သင်တန်းဖွင့်ပွဲအခမ်းအနား သို့ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များနှင့် သင်တန်း သား/ သင်တန်းသူများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် တစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်