နေပြည်တော် မေ ၁၀
ပညာရေးဝန်ကြီးဌာန အခြေခံပညာကဏ္ဍ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲကြီးကြပ်မှု မွမ်းမံ သင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အခြေခံပညာကဏ္ဍ တိုင်းဒေသကြီး၊ ပြည်နယ်များမှ သင်တန်းသား ဘဏ္ဍာရေးတာဝန်ခံ အရာရှိများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနက ခွဲဝေရရှိလာတဲ့ ဘဏ္ဍာငွေများကို ကိုယ့်တိုင်းဒေသကြီး ပြည်နယ်၊ခရိုင်၊ မြို့နယ်၊ ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိရှိ ထိထိရောက်ဖြစ်အောင် စနစ်တကျသုံးစွဲနိုင်ရေး ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ၊ နည်းပညာနှင့် သက်မွေးပညာ ကဏ္ဍဟူ၍ အဓိကဌာနကြီး သုံးခုရှိသည့်အနက် အခြေခံပညာ ကဏ္ဍသည် ပညာရေးဝန်ကြီးဌာနက ရရှိသည့်ဘတ်ဂျက် အားလုံး၏ (၈၅ ရာခိုင်နှုန်း) ခန့်ကို သုံးစွဲဆောင်ရွက်ရသည့် ဌာနကြီးဖြစ်ပါကြောင်း၊ ကျန်သည့် ဘတ်ဂျက် ၁၅ ရာခိုင်နှုန်း ခန့်ကို အခြား ကဏ္ဍများရှိ ဦးစီးဌာနများက ခွဲဝေသုံးစွဲ ဆောင်ရွက်ကြပါကြောင်း၊ အခြေခံပညာ ကဏ္ဍသည် ထုထည်ပဏာမ အင်မတန်ကြီးမား သည့်အလျှောက် ဘဏ္ဍာ ငွေကြေးသုံးစွဲမှုနှင့် ပတ်သက်သော အခက်အခဲ၊ ပြဿနာများ လည်းရှိပါကြောင်း။
ယနေ့သင်တန်းသည် အချိန်ကာလတိုတောင်းသော်လည်း သင်တန်းချိန်အတွင်း စနစ်တကျ၊ သေသေချာချာ ဂရုတစိုက် သင်ကြားသင်ယူကြ စေလိုပါကြောင်း၊ သင်တန်းမှ လုပ်ငန်းခွင် ကြုံတွေ့ရမည့် ဘဏ္ဍာရေး အခက်အခဲများ၊ ပြဿနာများကို ဖြေရှင်းပေး နိုင်မည်ဟုယုံကြည်ပါ ကြောင်း၊ လိုအပ်၍ တောင်းခံထားသော ဘဏ္ဍာငွေများရရှိလာသည့် အခါ သတ်မှတ်သည့်အချိန် ကာလအတွင်း အကျိုးရှိထိ ရောက်စွာ စနစ်တကျသုံးစွဲတတ် ရန်လိုပါကြောင်း၊ သဘာဝ ဘေးဒဏ်နှင့် အခြားသောအကြောင်းကြောင့် ကျောင်းဆောင်များ ပျက်စီးမှုကြုံတွေ့ရပါက အချိန်မီပြင်ဆင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ငွေကြေး သုံးစွဲမှုနှင့်ပတ်သက်၍ လုပ်ပိုင် ခွင့်အတ္တများ ရှေ့တန်းမတင်ပဲ ကိုယ့်တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများစသည်ဖြင့် စုပေါင်းညှိနှိုင်းတိုင်ပင်၍ စနစ်တကျ ဆောင်ရွက်စေလိုပါ ကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းအရ ပညာရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက် နေပါကြောင်း၊ သင်ရိုးညွှန်းတမ်းများ မပြောင်းလဲပါ ကြောင်း၊ ယခင်သင်ကြားခဲ့သည့် သင်ရိုးညွှန်းတမ်းအသစ်အတိုင်းသာ သင်ကြားမည်ဖြစ်ပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ပညာတတ်များ စုဝေးရာနေရာဖြစ်သဖြင့် တစ်ဦးနှင့် တစ်ဦး မေတ္တာတရား၊ ကိုယ်ချင်းစာထား၍ အချင်းချင်းလက်တွဲ ဆောင်ရွက်ကာ နိုင်ငံ၏ ပညာရေးမြှင့်တင်ဆောင်ရွက်ကြ စေလိုပါကြောင်းပြောကြား သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် မည်သည့်လုပ်ငန်းဖြစ်စေ ဘဏ္ဍာရေးသည် အဓိကကျသည့်ကဏ္ဍဖြစ် ပါကြောင်း၊ ဘဏ္ဍာရေးတာဝန်ခံ ပုဂ္ဂိုလ်များအနေဖြင့် ကိုယ့်တာဝန်ကိုယ်သိ၍ တာဝန်ကျေ အောင် စနစ်တကျ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မသုံးသင့် သည့်အရာတွင် မသုံးရအောင်၊ သုံးသင့်သည့် အရာတွင်လည်း သုံးစွဲနိုင်အောင် စနစ်တကျ စေတနာရှေ့ထားပြီး ပညာရေး တိုးတက်မြင့်မားအောင် ဝိုင်းဝန်းဆောင် ရွက်ပေးကြစေလိုပါကြောင်းဖြင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အရည်အသွေးမြှင့် တင်ရေးနှင့်စပ်လျဉ်း၍ ပြောကြား သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါ်နှင်းမူ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်မာမာချိုတို့က စီမံကိန်း ရေးဆွဲခြင်းနှင့် ဘတ်ဂျက်လျာထားသုံးစွဲခြင်း (Planning and Budgeting)၊ ဘဏ္ဍာငွေ ကြေးစီမံခန့်ခွဲမှု (Financial Management) နှင့် ဘဏ္ဍာရေးဆိုင်ရာ အမိန့်ညွှန်ကြား ချက်နှင့် လုပ်ထုံးလုပ် နည်းများ (Financial Rules and Regulatiions) ဘာသာရပ် ၃ ခုကို ၁၀ ရက်မှ ၁၁ ရက် အထိ သင်တန်းပို့ချမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)