နေပြည်တော် မေ ၉
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်း၊ ဦးမြင့်စိုး တို့နှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ တိရိစ္ဆာန်ဥယျာဉ်၊ ရွှေကျပျိုးဥယျာဉ်နှင့် သစ်တောသုတေသနဌာနရှိ လုပ်ငန်းဆောင်ရွက်ချက်များကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့အား ဇေယျာသီရိမြို့နယ် တိရိစ္ဆာန်ဥယျာဉ် ရှင်းလင်းဆောင်တွင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တိရိစ္ဆာန် ဥယျာဉ်များဌာန ညွှန်ကြားရေးမှူး ဦးပြည့်စုံမျိုးက တိရိစ္ဆာန်ဥယျာဉ်များဌာန၏ သမိုင်းကြောင်း၊ နေပြည်တော်တိရိစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်နှင့် နက္ခတ်တာရာပြခန်းများ တည်ဆောက်ထားရှိမှု၊ တိရိစ္ဆာန်အမျိုးအစားများ ပြသထားရှိမှုနှင့် ဝန်ကြီးဌာနမှ ထူးကုမ္ပဏီများအုပ်စုသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပြုထားရှိမှုနှင့် လက်ရှိလုပ်ငန်း ဆောင်ရွက် နေမှုများကိုလည်းကောင်း၊ နေပြည်တော်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာဝန်ခံ ဒေါက်တာသန်းဇော်က နေပြည်တော်အတွင်း ဟိုတယ်နှင့်ခရီးသွားလာမှုများ၊ ခရီးသွား ဧည့်သည်ဝင်ရောက်မှုနှင့် ခရီးသွားကဏ္ဍမှ ဝင်ငွေရရှိမှု၊ ခရီးသွားပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဝန်ဆောင်မှုပေးသည့်အခြေအနေ၊ နေပြည်တော်အတွင်းရှိ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေမှု၊ ခရီးစဉ်ဒေသများ အဆင့်မြှင့်တင်နိုင်ရေးနှင့် ခရီးသွားပြည်သူများ လာရောက်အပန်းဖြေလည်ပတ်နိုင်စေရေး အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးစေလိုမှုများကို လည်းကောင်း ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အခြားနိုင်ငံများရှိ တိရိစ္ဆာန်ဥယျာဉ်များနှင့် နှိုင်းယှဉ်၍ မိမိနိုင်ငံရှိ တိရိစ္ဆာန်ဥယျာဉ်များ ပိုမိုတိုးတက်စေရေး၊ ခရီးသွားလုပ်ငန်းပိုမို တိုးတက်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန်စသည့် လိုအပ်သည်များ မှာကြားခဲ့ပြီး တိရိစ္ဆာန်ဥယျာဉ်နှင့် နက္ခတ်တာရာပြခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုမှတဆင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ရွှေကျကျေးရွာရှိ နေပြည်တော်သစ်တောဦးစီးဌာန ပျိုးဥယျာဉ်သို့ ကွင်းဆင်းကြည့်ရှုရာ နေပြည်တော် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမော် က ပျိုးပင်များစိုက်ပျိုးထုတ်လုပ်မှုနှင့် ပျိုးဥယျာဉ်အတွင်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်ရှိ သစ်တောသုတေသနဌာန အစည်းအဝေးခန်းမတွင် သစ်တောသုတေသနဌာန ညွှန်ကြားရေးမှူး ဦးတင်သန်းမျိုး က ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက်များ၊ ဖွဲ့စည်းပုံများ၊ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ က သုတေသနပြုလုပ်ထားရှိမှုကို လက်တွေ့အသုံးချနိုင်စေရေး၊ အရည်အသွေးကောင်းမွန်သော ထွက်ကုန်များ ထွက်ရှိစေရေး လိုအပ်ချက်များ မှာကြားခဲ့ပြီး သစ်တောသုတေသနဌာန ဆေးဖက်ဝင်ဥယျာဉ်ရှိ သုတေသနလုပ်ငန်းနှင့် ရေအသုံးချရေးဌာနခွဲ၏ ဆောင်ရွက်ထားရှိမှု များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အေးလင်းထွန်း(ဇေယျာပြန်/ဆက်)