နေပြည်တော် မေ ၇
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်တို့သည် ယနေ့ နံနက်(၇)နာရီတွင် လယ်ဝေးမြို့နယ်အတွင်းရှိ သဖန်းပင် - ညောင်ပင်သာလမ်းပေါ်ရှိ မြစိမ်းရောင်မေတ္တာပေါင်းကူးတံတားနှင့် ကြို့ပင်သာ-ပေါင်းလောင်း စစ်တောင်းမြစ်ကူးတံတား တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့ သဖန်းပင်-ညောင်ပင်သာ လမ်းပေါ်ရှိ မြစိမ်းရောင်မေတ္တာပေါင်းကူးတံတား တည်ဆောက်ရေး စီမံကိန်းရှင်းလင်းဆောင် သို့ရောက်ရှိရာ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေက တံတားပြီးစီးပါက ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်သို့ ခရီးသွားလာမှု လွယ်ကူလျှင်မြန်ကာ ဒေသအတွင်း အကျိုးပြုနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တံတားအထူးအဖွဲ့ (၆) နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ကျော်ထိုက်က မြစိမ်းရောင် မေတ္တာပေါင်းကူးတံတား တည်ဆောက်ရေးလုပ်ငန်းနှင့် ပြီးစီးမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေး ပြည့်မီရေး တို့ကို ဂရုပြုလုပ်ဆောင်သွားရန်မှာကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက မြစ်ရေစီးကြောင်း ပြောင်းလဲမှုနှင့် အနီးဝန်းကျင်ရှိကျေးရွာများ မြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး တို့အတွက် ထည့်သွင်းဆောင်ရွက်ရန် မှာကြားကာ တံတားတည်ဆောက်ရေး စီမံကိန်းပြီးစီးမှုကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာအုပ်စု၊ ကြို့ပင်သာ-ပေါင်းလောင်း စစ်တောင်း မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းသို့ရောက်ရှိရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျေးလက်လမ်းများ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တံတားတည်ဆောက်ရေး စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးခင်မောင်သန်းက တံတား တည်ဆောက်ရေးလုပ်ငန်းနှင့် ပြီးစီးမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင် တို့က လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး ကြို့ပင်သာ-ပေါင်းလောင်း စစ်တောင်းမြစ်ကူးတံတား တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
လယ်ဝေးမြို့နယ် သဖန်းပင်-ညောင်ပင်သာ လမ်းပေါ်ရှိ မြစိမ်းရောင်မေတ္တာပေါင်းကူး တံတားသည် အရှည်ပေ(၁၂၀၀)၊ တံတားအကျယ် ပေ(၂၀)၊ နှစ်လမ်းသွားသံကူကွန်ကရစ် အမျိုး အစားဖြစ်ပြီး ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၆)မှ တည်ဆောက်လျက်ရှိပြီး ကြို့ပင်သာ-ပေါင်းလောင်း စစ်တောင်းမြစ်ကူး တံတားသည် အရှည်ပေ (၆၀၀)၊ တံတားအကျယ်ပေ(၂၀)၊ သံကူကွန်ကရစ် တံတားဖြစ်ကာ နေပြည်တော် ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်) ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)